မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ နယ်မြေရှင်းရေးလုပ်ဖို့လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ဩဂုတ်လ ၁၄ ရက် မနက် ၈ နာရီကျော်က ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
စစ်ကောင်စီစစ်ကြောင်းကို နတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့) က မတ္တရာမြို့နယ် တောင်ကန်ကျေးရွာနဲ့ မြှောင်းဦးရွာချင်းဆက်တံတားမှာ ပဒေသာ ၄ လုံးတွဲမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်တာလို့ သိရပါတယ်။
ဗုံးခွဲတိုက်ခိုက်ခံရတဲ့အတွက် တပွင့်နဲ့ ဒုဗိုလ်အရာရှိတယောက်အပါအဝင် စစ်ကောင်စီဘက်က ၄ ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့ နတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့) က ထုတ်ပြန်ပေမဲ့ ဒီအရေအတွက်နဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
“ကျနော်တို့ နတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့) က ရှေ့လျှောက် စကစနဲ့ ပတ်သက်သမျှ အပြင်းအထန် တွန်းလှန်တိုက်ထုတ်ပြီး အမြစ်ပြတ်ချေမှုန်းသွားပါမယ်။ မြန်မာစစ်သူပုန်တပ် အလင်းဝင်ပါ။ ပြည်သူ့ရင်ခွင်မှာ အေးချမ်းစွာခိုလှုံပါ။” လို့ နတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့) က ဆိုပါတယ်။
ဗုံးခွဲတိုက်ခံခိုက်ခံရတဲ့အတွက် စစ်ကောင်စီဘက်ကလည်း ဘေးပတ်ဝန်းကျင်ကို ၅ မိနစ်ကျော် ရမ်းသန်းပစ်ခတ်ခဲ့ပေမဲ့ ရဲဘော်တွေ အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး သေဆုံးတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြန်ကြားရေး က သတင်းထုတ်ပြန်တာမရှိပါဘူး။