ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်အသီးသီးမှာ ငါးမန်းဂိမ်းဆိုင်၊ ခြောက်ကောင်ဂျင်ဝိုင်းနဲ့ လောင်းကစားဝိုင်းတွေ ပေါများလာပြီး လူစည်ကားတဲ့နေရာတွေမှာ ပေါ်ပေါ်တင်တင် ဖွင့်လှစ်လာတာကြောင့် အိမ်ထောင်ရှင် အမျိုးသားတွေ စာရိတ္တပျက်စီးလာကာ အိမ်တွင်းရေး ပြဿနာတွေ ဖြစ်ပွားမှု မြင့်တက်လာနေတယ်လို့ ကာယကံရှင် မိသားစုဝင်တွေက ပြောပါတယ်။
“လားရှိုးအောက်ဂိတ်လို့ခေါ်တဲ့ ကားလေးကွင်းနားမှာ ငါးမန်းဂိမ်းဆိုင် လာဖွင့်တော့ ကျမ အမျိုးသားက ခရီးသည်စောင့်ရင်း အပျင်းပြေပါဆိုပြီး သွားကစားရာကနေ အခုဆိုရင် အဲဒီဂိမ်းဆိုင်ကကို မထတော့ဘူး။ ဟို့နေက အိမ်က ဆိုင်ကယ်ကို ခုနစ်သိန်းနဲ့ ပေါင်ပြီး ကစားပစ်တာ ရှုံးသွားပြီ။ အခုဆို နေ့တိုင်း ရန်ဖြစ်နေရတယ်။ လောင်းကစားကလွဲပြီး သူဘာမှ စိတ်မဝင်စားတော့ဘူး” လို့ မူဆယ်-လားရှိုး ကားလေးပြေးဆွဲနေတဲ့ ကားဆရာတဦးရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။
ငါးမန်းဂိမ်းရုံတွေအပြင် ခြောက်ကောင်ဂျင်နဲ့ အခြားလောင်းကစားဝိုင်းတွေကြောင့်လည်း အိမ်ထောင်သည်တွေနဲ့ လူငယ်လူရွယ်တွေမှာ စာရိတ္တပျက်စီးလာပြီး အိမ်တွင်းခိုးမှုတွေပါ ဖြစ်ပေါ်နေတယ်လို့ မိခင်တဦးက ပြောပါတယ်။
“ကိုဗစ်နဲ့ အာဏာသိမ်းတာနဲ့ဆိုတော့ အိမ်က ကလေးက ပညာရေး တပိုင်းတစဖြစ်ပြီး အိမ်မကပ်တော့ဘူး။ အလုပ်လုပ်ရမယ့်အရွယ်လည်း မဟုတ်သေးတော့ လမ်းပဲထွက်နေတယ်။ ခြောက်ကောင်ဂျင်ဝိုင်းက ရပ်ကွက်နဲ့လည်းနီး၊ လူကလည်းစည်တော့ အပေါင်းအသင်းတွေနဲ့ သွားရင်း ကစားတတ်လာတယ်။ လောင်းကစားလုပ်ဖို့လည်း အိမ်ကနေ ပိုက်ဆံခိုးတတ်လာတယ်။”
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စစ်ကောင်စီ ထိန်းချုပ်နယ်မြေ လောင်ကိုင်မြို့မှာ ကာစီနိုလောင်း ကစားရုံကြီးတွေ ဖွင့်လှစ်ထားသလို မူဆယ်မြို့နဲ့ အခြား မြို့နယ်တွေမှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့ အာဏာပိုင်တွေပေါင်းပြီး လောင်ကစားအမျိုးမျိုးကို ဖွင့်လှစ်ထားတလို့ ဒေခံတွေက ပြောပါတယ်။
“လောက်ကိုင်မှာဆို ကာစီနိုရုံတွေ အများကြီးဖွင့်ထားတယ်။ အဲဒီလိုပဲ မူဆယ်မြို့မှာလည်း လောင်ကစားရုံတွေ ပေါမှပေါပဲ။ ပြည်သူ့စစ်တွေက တပ်နဲ့ပေါင်းပြီး ဖွင့်ကြတာ များတယ်။ မူဆယ်မှာဆို လောင်းကစားဘေးမှာကို အပေါင်ဆိုင်တန်းဖွင့်ထားရတဲ့အထိကို စည်ကားတယ်။ အိမ်ကပစ္စည်းတွေ မိသားစု မသိအောင် ပေါင်နှံပြီး ကစားကြလို့ ရန်ဖြစ်စကားများတဲ့ပွဲ နေ့တိုင်းရှိတယ်” လို့ မူဆယ်မြို့ခံတဦးက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် တောင်ပိုင်းက မြို့ကြီးတချို့မှာပါ လောင်ကစားရုံတွေ ပေါ်ပေါ်တင်တင် ဖွင့်လှစ်လာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။