စစ်ကိုင်းတိုင်းအတွင် ဒီပဲယင်းမြို့နယ် လက်လှုပ်ကျေးရွာ၊ ဖုတ္ထန်းတော ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဩဂုတ် ၁၃ ရက်နေ့က ပြည်သူ ၄ ဦးအား သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖုတ္ထန်းတောကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တည့်တည့်တိုးတဲ့ ပြည်သူ ၅ ဦးကို ဖမ်းဆီးကာ ၄ ဦးအား သတ်ပစ်လိုက်တာလို့ ဆိုပါတယ်။
အသတ်ခံရသူ ၄ ဦးမှာ ဒီပဲယင်မြို့နယ် မူးကမ်းကြီးရွာမှ ၁ ဦး၊ ရွှေဘိုမြို့နယ် ပေါင်ချိုင်ကျေးရွာ ရေကြည်ဝကျေးရွာတို့က ၃ ဦးဖြစ်တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များ ကူညီရေးအဖွဲ့က ပြောပါတယ်။
ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီတပ်ဖွဲ့က ဩဂုတ် ၂ စတင်စစ်ကြောင်းထိုးဝင်ရောက်တာဖြစ်ပြီး အသတ်ခံရသူ ၁၄ ဦးအထိ ရှိသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ပြည်သူ ၅၀ ကျော်လည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားဆဲဖြစ်ကာ အဖမ်းခံရသူတွေကို ရေဦးမြို့ ဘောလုံးကွင်းအတွင်းမှာ ထားတယ်လို့ သိရပါတယ်။
ဩဂုတ် ၁၄ ရက် ဒီနေ့မှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ ဖုတ္ထန်းတောမှ ထွက်လာပြီး မူးအုန်းကျေးရွာနဲ့ သရက်ကန်ကျေးရွာအနီးကို ရောက်ရှိနေတာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဒီ နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဟာ တိုက်ရွာကို ဝင်ရောက်နေကြောင်း၊ အဲဒီတိုက်ရွာက နေအိမ် ၂ လုံးကိုလည်း ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်နေ့မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ရှောင်ပြည်သူတွေကို တတ်နိုင်သမျှ အကူညီပေးကြဖို့နဲ့ အခက်အခဲဖြစ်ပေါ်ပါက ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ကို ချိတ်ဆက်ပြောပြပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။