Home
မြန်မာသတင်း
ပလက်ဝတွင် စစ်ကောင်စီက ရေနှင့်ကုန်းကြောင်းပိတ်ထားသဖြင့် ဆန်နှင့် စက်သုံးဆီပြတ်တောက်
DVB
·
August 14, 2022
298100468_831696464662914_3643477774989801090_n

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ဩဂုတ် ၁ ရက်ကတည်းက စစ်ကောင်စီက ကုန်ကြောင်း၊ ရေကြောင်းတွေ သွားလာခွင့် ပိတ်ထားတာကြောင့် ကုန်စည်စီးဆင်မှု ပြတ်တောက်နေပြီး ဆန်အပါဝင် စားသောက်ကုန်တချို့နဲ့ စက်သုံးဆီဈေးနှုန်းတွေ အဆမတန်မြင့်တက်က  ဝယ်မရတော့ဘူးလို့ ပလက်ဝမြို့ခံတွေက ပြောပါတယ်။

ပလက်ဝမြို့နယ်မှာ ဩဂုတ်လအတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော်တို့ကြား ထိတွေ့ တိုက်ပွားတွေရှိခဲ့သလို စစ်ရေး တင်းမာနေတာကြောင့် စစ်ကောင်စီက ကျောက်တော်-ပလက်ဝ ရေကြောင်း သွားလာခွင့် ပိတ်ထားတဲ့အတွက် ဆန်အပါဝင် ကုန်စည်တချို့ ပြတ်တောက်နေတယ် လို့ ပလက်ဝမြို့ခံတဦးက ပြောပါတယ်။

“ကျနော်တို့ မြို့က ကျောက်တော်ကို အဓိထားပြီး ကုန်စည်တွေ တင်ပို့၊ တင်သွင်း လုပ်နေကြရတာ။ အခုက အဲဒီရေကြောင်း သွားလာခွင့်ကိုလည်း ပိတ်ထားတာ ၂ ပတ်ကျော်လာပြီ။ ဆန်ဈေးတွေ၊ ကုန်ဈေးနှုန်းတွေ စက်သုံးဆီ ဈေးနှုန်းတွေက တအား ထိုးတက်သွားပြီ။ ဝယ်လို့ မရတဲ့ အခြေအနေတွေ ဖြစ်နေပြီ။”

အရင် ဆန်တအိတ်ကို ၆၅၀၀၀ ကျပ်ကနေ အခု ၉၀၀၀၀ ကျော်အထိ ထိုးတက်သွားကာ တချို့ဆိုင်တွေမှာ ဆန်မရှိတော့တာကြောင့် ဝယ်လို့ မရတဲ့ အခြေအနေတွေဖြစ်လာနေပြီး စက်သုံးဆီဆိုရင်လည်း တဂါလန်ကို ၂၆၀၀၀ ကျပ်နဲ့တောင့် ရှာမရတော့တဲ့ အခြေအနေတွေဖြစ်နေပြီလို့ ပလက်ဝမြို့ခံက ဆက်ပြောပါတယ်။

“နောက်ထပ် တပတ်ကျော် နှစ်ပတ်လောက်သာ ဆက်ပိတ်ထားမယ်ဆိုရင် အငတ်ဘေးနဲ့ ကြုံရဖို့ပဲ ရှိတယ်။”

ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွေမှာ ဩဂုတ်လအတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ကြား တိုက်ပွဲဖြစ်နေတယ်လို့ ဩဂုတ် ၁၁ ရက် ရက္ခိုင့်တပ်တော်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားခဲ့ပါတယ်။

ပလက်ဝ-ကျောက်တော်ရေကြောင်းလမ်း ပိတ်ထားတာကြောင့် စစ်တွေအပါဝင် တခြား မြို့နယ်တွေကို  ရောက်နေသူတွေ ပြန်မရဘဲ ကျောက်တော်မှာ သောင်တင်နေကြတယ်လို့ စစ်တွေမြို့ မှာ ဆေးခန်းလာပြတဲ့ ပလက်ဝဒေသခံတဦးကပြောပါတယ်။

“စစ်တွေကို ဆေးခန်းသွားပြတာ။ ပြန်လာတော့ ရေကြောင်းလမ်း ပိတ်လိုက်တော့ ဘယ်လိုမှ ပြန် မရလို့ ကျောက်တော်မှာ သောင်တင်နေတာ ၂ ပတ်ကျော်ပြီ။ တခြားကိစ္စနဲ့ ရောက်နေတြတဲ့ သူတွေ လည်း ပြန်မရတော့ ကျောက်တော်မှာပဲ ပိတ်မိနေကြတယ်။”

အာဏာသိမ်းပြီး လပိုင်းအကြာမှာ စစ်ကောင်စီက ပလက်ဝ-မတူပီ ကားလမ်းကို  ပိတ်ထားခဲ့သလို အခု ကျောက်တော်- ပလက်ဝ ရေကြောင်းလမ်းပါ ပိတ်လိုက်တာကြောင့် ကုန်စည်စီးဆင်မှု လုံးဝ မရှိဘဲ ဒေသခံတွေရဲ့ ကျန်းမာရေးနဲ့ လူမှုရေးအတွက်ပါ အခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတွေ က ဆိုပါတယ်။

ပလက်ဝမြို့နယ်မှာ ဩဂုတ် ၂ ရက်က စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျောင်းသား ၂ ယောက် သေဆုံးကာ၊ ကျောင်းသား တယောက်အပါဝင် ၃ ယောက် ဒဏ်ရာ ရခဲ့ကြပါတယ်။ 

လတ်တလောမှာလည်း ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော်(အေအေ) တို့ကြား စစ်ရေးတင်းမာနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024