ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနိုင်ကာ နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ဩဂုတ် ၁၄ ရက် ဒီနေ့ မနက်ထုတ်ပြန်ပါတယ်။
ဒီနေ့ မြန်မာစံတော်ချိန် မနက် ၅ နာရီခွဲအချိန်တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းလွန်နဲ့ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေမှာ ဖြစ်ပေါ်တဲ့ အားကောင်းသော လေဖိအားနည်းရပ်ဝန်းဟာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ပိုမိုအားကောင်းလာနိုင်ကာ၊ နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားတာပါ။
အားကောင်းသော လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် ဒီမနက်မှ မနက်ဖန်အထိ နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက် မိုးကြီးနိုင်တယ်လို့ ခန့်မှန်းပါတယ်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၉ ပေမှ ၁၃ ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် မိုးသည်းထန်စွာရွာသွန်တာနဲ့အတူ လေပြင်းတိုက်ခတ်၊ လျှပ်တစ်ပြက်ရေကြီး မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေ မြေပြိုမှုအန္တရာယ်နဲ့ မြစ်ချောင်းအနီးနေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံမှုကို ကြိုတင်သတိပြုဖို့ အကြံပြုထားပါတယ်။
ဒါ့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်၊ သင်္ဘောတွေ ကြိုတင်သတိပြုကြဖို့လည်း မိုးဇလဌာနက အသိပေး နှိုးဆော်ထားပါတယ်။