Home
မြန်မာသတင်း
ယင်းမာပင်မြို့နယ်ရှိ စစ်ရှောင်များ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီလိုအပ်
DVB
·
August 14, 2022
299094178_3065207617035127_5772023016948163922_n

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာက စစ်ဘေးရှောင်တွေအနေနဲ့ စားနပ်ရိက္ခာ အခက်အခဲရှိနေသလို ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ဒါ့အပြင် စက်သုံးဆီရှားပါးမှုတွေနဲ့ ရင်ဆိုင်နေရသလို သွားလာရေးမှာလည်း စစ်ကောင်စီတပ်ရဲ့ ရန်ကို ကြောက်နေရတာကြောင့် အဆင်မပြေမှုတွေလည်း ရှိနေတယ်လို့လည်း ပြောပါတယ်။

ရင်ပေါင်တိုင်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ ရှိနေတာကြောင့် ကျေးရွာ ၁၂ ရွာလောက်က ရွာသားတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရကာ စစ်ရှောင်ပြည်သူ အရေအတွက် ၁၀,၀၀၀ ကျော် ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီအထဲက စစ်ရှောင် အမျိုးသမီးတယောက် သြဂုတ် ၁၂ ရက်မှာ ကလေးမီးဖွားခဲ့ပြီး  ဆေးဝါးလိုအပ်ချက်တွေကြားက အောင်မြင်စွာ မီးဖွားနိုင်ခဲ့ပါတယ်။

ရင်ပေါင်တိုင်ကျေးရွာမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ သြဂုတ် ၁၃ ရက်မနက်က ရင်ပေါင်တိုင်ကျေးရွာနဲ့ ပုထိုးသာကျေးရွာတွေမှာရှိတဲ့ နေအိမ်တချို့ကို မီးရှို့ခဲ့ကြပြီး ဇီးဖြူကုန်းကျေးရွာမှာလည်း ပြည်သူတွေရဲ့ပစ္စည်းတွေကို အဓမ္မခိုးယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက "အာဏာသိမ်းလိုက်လို့ စားဝတ်နေရေး ခက်ခဲကြမ်းတမ်းနေရတဲ့အထဲ နေအိမ်တွေကိုပါ စစ်ကောင်စီတပ်က မီးရှို့နေတာကြောင့် အိုးမဲ့အိမ်မဲ့ဘဝတွေ ရောက်နေကြရပြီ"လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ရင်ပေါင်တိုင်ကျေးရွာအတွင်းကို သြဂုတ် ၁၁ ရက်က ရဟတ်ယာဥ်နဲ့ ပစ်ခတ် ဝင်ရောက်တပ်စွဲနေခဲ့တာဖြစ်ပြီး ဒေသခံအများအပြားလည်း ဖမ်းဆီးခံထားရသလို အဲဒီစစ်ကောင်စီတပ်ကို ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024