ရခိုင်ပြည်နယ်၊ မောင်တော-အငူမော်-ကားလမ်းမှာ တိုက်ပွဲတွေ နေရာ နှစ်နေရာမှာ ဖြစ်ပွားနေတာကြောင့် သြဂုတ် ၁၃ ရက်ကစပြီး ကားလိုင်းတွေနဲ့ ခရီးသွားတင်ယာဥ်တွေအားလုံး ယာယီရပ်နားထားတယ်လို့ ကားလိုင်းသမားတွေထံက သိရပါတယ်။
ဘူးသီးတောင်-မောင်တော-အငူမော်-စစ်တွေ တိုက်ရိုက်ပြေးဆွဲနေတဲ့ ရွှေပြည်သစ်ကားလိုင်းမှ တာဝန်ရှိသူတစ်ဦးက "မောင်တော-အငူမော်လမ်းမှာ သြဂုတ် ၁၃ ရက်နေ့က တိုက်ပွဲ ၂ နေရာအထိ ဖြစ်တယ်။ ကားအသွား အပြန်ပါ ပိတ်ထားတာခံရတယ်။ ခရီးသည်တွေအတွက်လည်း အန္တရာယ်ရှိတယ်။ ဒါကြောင်း ကားလိုင်းတွေ ယာယီရထားတယ်။"လို့ ပြောပါတယ်။
သြဂုတ် ၁၃ ရက်မနက် ၈ နာရီကျော်မှာ အငူမော် - မောင်တော ကားလမ်းရှိ ရသေ့တောင်မြို့နယ် ဒုံးပိုက်နဲ့ ချိန်ခါလိန်ကျေးရွာကြားမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ) တို့ တိုင်ပွဲပြင်းထန်ဖြစ်ပွားပါတယ်။
မောင်တောမြို့နယ် မောရဝတီစစ်ဗျူဟာမှ စစ်ကူလိုက်လာတဲ့ စစ်ကောင်စီကား တစီးကို နေလည် ၁၂ နာရီကျော်မှာ ကျောက်ပန်းဒူကျေးရွာအနီး အေအေက မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲ ပြင်းထန် ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲကြောင့် ဘူးသီတောင်-မောင်တော-စစ်တွေ တိုက်ရိုက် ပြေးဆွဲနေတဲ့ မေယုသဇင်ကားလိုင်းနဲ့ ရွှေပြည်သစ်ခရီးသည်တင်ကားတွေအပြင် တခြားခရီးသွားတွေရဲ့ ကားတွေပါ သြဂုတ် ၁၃ ရက်က မနက်ရော ညပါ အင်းဒင်စစ်ဆေးရေးဂိတ်မှာ သွားလာခွင့်ပိတ်ထားခြင်းခံခဲ့ရတာဖြစ်ပါတယ်။
မေယုသဇင်ကားလိုင်းတာဝန်ရှိသူတစ်ဦးက"စစ်တွေ ခရီးစဥ်ထွက်ဖို့ မသေချာဘူး။ အရင်တုန်းကလို မနက်အစောကြီး ထွက်ဖြစ်မှာမဟုတ်ဘူး။ မနက် ၈ နာရီလောက်မှ လမ်းအခြေအနေကို မေးမြန်းပြီးထွက်ရင်လည်း ထွက်ဖြစ်မှာပါ။"လို့ ဆိုပါတယ်။
မနေ့ကဖြစ်ပွားခဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၃၁ ဦးသေဆုံးပြီး ၄ ဦးဖမ်းဆီးခံရကာ သေနတ်အလက် ၂၀ ၊ ပစ္စတို ၁ လက်၊ ၆၀ မမ ပြောင်းရှည် ၁ လက်၊ RPG ၁ လက်အပါအဝင် တခြားစစ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။