စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံထားရတဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုနောင်ထက်အောင်နဲ့ အခြေခံပညာသပိတ်ကော်မတီ - BEGSC က ဆရာနိုင်းသီဟကျော်တို့ကို အိုးဘိုထောင်တွင်းတရားရုံးက မျက်ကွယ်တရားစီရင်ပြီး ထောင်ဒဏ် ၃ နှစ် အမိန့်ချခဲ့ပါတယ်။
ဩဂုတ် ၁၀ ရက်က မျက်ကွယ်တရားစီရင်ခဲ့တာဖြစ်ပြီး ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုနောင်ထက်အောင်ဟာ မန္တလေးအိုးဘိုထောင်အတွင်း အစာငတ်ခံဆန္ဒပြပွဲကို ဦးဆောင်ခဲ့တာကြောင့် ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်တာ ခံထားရပါတယ်။
ဒီလို ရိုက်နှက်ခံရတဲ့အတွက် ရှေ့သွားကျိုး၊ ခေါင်းပေါက်၊ ကျောကွဲဒဏ်ရာတွေ ရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရပေမဲ့ ဆေးကုသခွင့် မရဘူးလို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန် ထား ပါတယ်။
ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုနောင်ထက်အောင်နဲ့ အခြေခံပညာသပိတ်ကော်မတီ -BEGSC က ဆရာနိုင်းသီဟကျော်တို့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၀ ရက်က ဖမ်းဆီးခဲ့ပြီး ၅၀၅ (က) နဲ့ တရားစွဲခဲ့တာပါ။
ဒါ့အပြင် ဗကသများအဖွဲ့ချုပ်ဗဟိုအမှုဆောင်အဖွဲ့ဝင် ဝိဇ္ဇာသိပ္ပံအတွင်းရေးမှူး ကိုသက်တင်အောင် ကို ဇူလိုင် ၂၄ ရက်က တောင်ငူထောင်တွင်းတရားရုံးက ထောင်ဒဏ် ၆ နှစ်၊ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ-ဗကသများအဖွဲ့ချုပ် သပိတ်ခေါင်းဆောင် ကိုမြတ်သူကို ဩဂုတ် ၄ ရက်က အိုးဘိုထောင်တွင်းတရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။