စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ဩဂုတ် ၁၂ ရက် မနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်မင်းဟန် ပစ်သတ်ခံရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ဗန်းမောက်မြို့ ထွေအုပ်ရုံးအတွင်း အမည်မသိအဖွဲ့က မနက် ၉ နာရီအချိန် သေနတ်တွေနဲ့ ဝင်ရောက်ပစ်ခတ်သွားတယ်။ အဲဒီမှာရှိတဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကျော်မင်းဟန် သေနတ်မှန် သေဆုံးသွားတယ်။ ဘယ်သူတွေက လာပစ်တယ်ဆိုတာ မသိရဘူး။ မနက်အစောကြီး သေနတ်ပစ်သံတွေ ကြားရနေတယ်။ အခုထိ စစ်ကောင်စီတပ်တွေ မြို့ထဲမှာ သေနတ်ပစ်ခတ်တာ လုပ်ဆောင်နေတယ်။”
ဗန်းမောက်မြို့တွင်း အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဗန်းမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာနဲ့ ဖြစ်စဉ်အသေးစိတ်သိရဖို့ ဒီဗွီဘီက စုံစမ်းနေဆဲ ဖြစ်ပါတယ်။