ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ ကျော် စားဝတ်နေရေး ခက်ခဲနေတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေတဲ့အတွက် ဒေသခံပြည်သူတွေဟာ နေ့စဉ် စစ်ဘေးရှောင်သူတွေ များပြားလာတဲ့အတွက် နေထိုင်ဖို့နဲ့ စားသောက်ဖို့ အခက်အခဲဖြစ်နေတာလို့ ဆိုပါတယ်။
စစ်ဘေးရှောင်ပြည်သူတဦးက “တိုက်ပွဲဖြစ်နေတာကတော့ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ဖြစ်တာ။ အဲ့အချိန်ကတည်းက စစ်ဘေးလွတ်ရာ ရှောင်တိမ်းနေရတယ်။ စစ်ဘေးရှောင်တွေက နေ့စဉ် တိုးတိုးလာတယ်။ စစ်ရှောင်စခန်းတွေမှာ နေရာထိုင်ခင်း မလုံလောက်တာတွေ၊ စားနပ်ရိက္ခာ မလုံလောက်တာတွေ ဖြစ်နေတာ။ ခုတော့ ကျနော်တို့ဆီမှာ လူဦးရေ တထောင်ကျော်လောက်ရှိတယ်” လို့ ပြောပါတယ်။
တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ ဟောင်းပါး ဘုန်းတော်ကြီးကျောင်း၊ တာမခံ အထက၊ တာမခံ မူကြိုကျောင်း၊ တာမခံ နှစ်ခြင်းအသင်းတော်၊ တာမခံ AG အသင်းတော်၊ ခိုမကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ နတ်ရေတောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနဲ့ တခြား အဆောက်အဦတွေမှာ နေထိုင်နေကြရပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေဟာ ဆယ်ဇင်းကျေးရွာ၊ ရွှေတွင်းမှော်၊ တိန်းတောင်မှော်နဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေက ပြည်သူတွေ ဖြစ်ပါတယ်။