ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်နဲ့ မြောက်ဒဂုံမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ သြဂုတ် ၁၁ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရွှေပြည်သာမြို့နယ် ၇ ရပ်ကွက်၊ နဝရတ်လမ်းမပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ မနေ့ည ၇ နာရီက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကိုပြောပါတယ်။
“ရုံးမှာ ဆွမ်းချက်နေတဲ့အချိန် ဗုံးထပေါက်တာ၊ ရပ်မိရပ်ဖနဲ့ ရာအိမ်မှူး ဆယ်အိမ်မှူးသုံးဦး ဒဏ်ရာရတယ်။ ဒဏ်ရာက သိပ်မစိုးရိမ်ရဘူး။”
အလားတူ ရွှေပြည်သာမြို့နယ် ၁၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာလည်း ည ၇ နာရီခွဲက ထပ်မံဗုံးပေါက်ကွဲခဲ့ရာ ရာအိမ်မှူးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
ဒါ့အပြင် မြောက်ဒဂုံမြို့နယ် ၂၄ ရပ်ကွက်၊ သခင်အုန်းဖေကြီးလမ်းရှိ အုပ်ချုပ်ရေးမှူးရုံးကို မနေ့ညနေပိုင်းက ဆိုင်ကယ်တစီးနဲ့ ဗုံးလာပစ်ခဲ့ရာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပြီးနောက် ရွှေပြည်သာနဲ့ မြောက်ဒဂုံမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေက ဧည့်စာရင်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်း မြို့နယ်တချို့မှာ သြဂုတ်လအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပြီး ဖမ်းဆီးခံရသူတွေလည်း ရှိပါတယ်။