မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းရပ်ကွက်၊ စက်ဆန်းမီးရထားဝင်းအတွင်းက ဝန်ထမ်းတဦး နေအိမ်မှာ သြဂုတ် ၁၁ ရက် ညနေ ၅ နာရီက ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း ၁၃၀ ကျော်နဲ့ ရွှေတွေပါသွားတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
မနေ့ ညနေ ၅ နာရီလောက်က မီးရထားဝင်း လိုင်းအမှတ် ၈၀၊ အခန်း A နေ တံတားဘောင် အလုပ်ရုံမှ အလုပ်ကြပ် ဦးစိုးဝင်း နေအိမ်ကို အမျိုးသား ခြောက်ဦး ကားတစီးနဲ့ ရောက်လာပြီး ဓားပြတိုက်ခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"ကားနဲ့ဓားပြ လာတိုက်တာ၊ ပစ်တာခတ်တာ မရှိတော့ ရပ်ကွက်ထဲက လူတွေလည်း မသိဘူး။ အိမ်ကို လာလည်တဲ့ ဧည့်သည်ပဲထင်ကြတာ၊ နောက်မှ ဓားပြတိုက်ခံရမှန်း သိတာ။"
ဦးစိုးဝင်းဟာ ညီမဖြစ်သူနဲ့အတူ လိုင်းခန်းမှာ ရှိနေချိန် ဓားပြ တိုက်ခံရတာဖြစ်ပြီး ထိုးကြိတ် ရိုက်နှက်ခံရမှုကြောင့် ဦးစိုးဝင်း နဲ့ ညီမဖြစ်သူတို့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
"ပရိုဘောက်အဖြူရောင်နဲ့ လူခြောက်ယောက်ရောက်လာပြီး တယောက်က ညီမဖြစ်သူကို ဓားနဲ့ထောက်ထားတယ်။ ကျန်တဲ့သူ ငါးယောက်က ဦးစိုးဝင်းပါးစပ်ကို တိတ်နဲ့ကပ်ပြီး ဝိုင်းပြီး ထိုးကြိတ်ပြီး အိပ်ခန်းထဲက ငွေသိန်း ၁၃၀ ကျော်နဲ့ရွှေခြောက်ကျပ်သားကို ယူသွားတယ်။"
ဓားပြတိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ စက်ဆန်းမီးရထားဝင်းမှာ ပိတ်ဆို့ ရှာဖွေခဲ့ပေမဲ့ ဖမ်းဆီးရမိခြင်း မရှိဘူးလို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
လတ်တလောမှာ ဓားပြတိုက်မှုနဲ့ ပတ်သက်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းမှာ အမှုဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။