တနင်္သာရီတိုင်း၊ ထားဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိ အရေးပေါ်လူနာ (အခမဲ့) ကူညီသယ်ဆောင်ရေးအဖွဲ့ကို ဒီနေ့ သြဂုတ် ၁၁ ရက်ကစပြီး ယာယီရပ်နားထားကြောင်း အဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာက အသိပေး ကြေညာလိုက်ပါတယ်။
ဇမ္ဗူသီရိအဖွဲ့ဟာ အရေးပေါ်လူနာနဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ၂၄ နာရီ ကူညီဆောင်ရွက်ပေးနေရာက ရုတ်တရက် ရပ်နားလိုက်တာ ဖြစ်ပါတယ်။
ထားဝယ်ခရိုင်မှာ ပရဟိတ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့တွေ များစွာရှိခဲ့ရာမှ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှု၊ စက်သုံးဆီစျေး မြင့်မားလာမှုနဲ့ အလှူငွေ နည်းပါးလာမှုတို့ကြောင့် ပရဟိတအဖွဲ့အများစု လုပ်ငန်းရပ်နားခဲ့ရပါတယ်။
ထားဝယ်ဒေသခံတွေ အားထားရာ ဇမ္ဗူသီရိအဖွဲ့ကလည်း စက်သုံးဆီအခက်အခဲ ဖြစ်တဲ့အပြင် ကူညီမှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ရန်ပုံငွေ လုံလောက်မှုမရှိတော့လို့ အဖွဲ့ကို ရပ်နားလိုက်ရတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
၂၀၁၃ ခုနှစ်က စတင်လုပ်ကိုင်လာတဲ့ ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့ - ထားဝယ်ဟာ ထားဝယ်ခရိုင်အတွင်း အကြီးဆုံး လူမှုကယ်ဆယ်ရေးအဖွဲ့တခုလည်း ဖြစ်ပါတယ်။
ထားဝယ်အရှေ့တောဒေသ မေတ္တာမြို့၊ တောင်သုံးလုံးရွာအခြေစိုက် TTL အာယုဒါန Rescue အဖွဲ့ကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေ ကူညီလုပ်ဆောင်ရာမှာ လမ်းပန်းဆက်သွယ်ရေး အနေအထား၊ စက်သုံးဆီ အခက်အခဲတွေကြောင့် မေလ ၃၀ ရက်ကစပြီး ရက်အကန့်အသတ်မရှိ ရပ်နားခဲ့ပါသေးတယ်။