မြန်မာနိုင်ငံက အလုပ်မဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပြတ်ပြတ်သားသား အပြီးသတ်စေလိုပြီး တခြားအာဆီယံနိုင်ငံတွေအနေနဲ့လည်း မြန်မာအတိုက်အခံတွေကို တိုက်ရိုက်ဆက်သွယ် ဆက်ဆံကြစေလိုကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာက ဩဂုတ် ၁၀ ရက်မှာ ပြောလိုက်ပါတယ်။
ဆိုင်ဖူဒင် အဗ္ဗဒူလာရဲ့ ပွင့်ပွင့်လင်းလင်း တဲ့တိုးမှတ်ချက်တွေကြောင့် စစ်ကောင်စီက စိတ်ဆိုးခဲ့ရပါတယ်။ မြန်မာ့အရေးကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဟာ သူ့ရဲ့တာဝန်ကို တစ်နှစ်မက ထမ်းဆောင်ဖို့ လိုလိမ့်မယ်လို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီက အာဏာသိမ်းလိုက်တာကြောင့် ဆန္ဒပြမှုတွေ၊ တိုက်ခိုက်မှုတွေနဲ့ လက်နက်ကိုင်တော်လှန်မှုတွေ ကြုံတွေ့လာရပြီး အကြမ်းဖက်ပဋိပက္ခတွေ အဆက်မပြတ်ပေါ်ပေါက်လာခဲ့ပါတယ်။
တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတွေကို တခြားနိုင်ငံက ဝင်ရောက်စွက်ဖက်မှုမရှိရလို့ အာဆီယံအဖွဲ့မှာ သဘောတူညီချက်ရှိခဲ့ပေမဲ့ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှု လျှော့ချပပျောက်ရေးအတွက် အာဆီယံခေါင်းဆောင်တွေ သဘောတူညီထားတဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို စစ်ကောင်စီက လိုက်နာခြင်း၊ အကောင်အထည်ဖော်ခြင်းမရှိတာကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက စစ်ကောင်စီကို ငြိုငြင်လာကြပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေကို စိတ်ခွန်အားပေးနိုင်ဖို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့လို့ကြေငြာထားတဲ့ NUG၊ CRPH အပါအဝင် အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာခဲ့တဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံကြဖို့ဟာ အလွန်အရေးကြီးတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ထိုင်းနိုင်ငံ ခရီးစဉ်မှာပြောကြားခဲ့ပါတယ်။
“အခုကျနော်တို့က စစ်ကောင်စီနဲ့ပဲ ထိတွေ့ဆက်ဆံနေတာဟာ တဘက်သတ်ဖြစ်နေတယ်”လို့ မလေးရှားဝန်ကြီးက သတင်းထောက်တွေကိုပြောခဲ့ပါတယ်။ မြန်မာစစ်ကောင်စီကတော့ အတိုက်အခံအဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေလို့ နာမည်တပ်ပြီး ထိတွေ့ဆက်ဆံခြင်းမလုပ်ကြဖို့ အကြိမ်ကြိမ် တားမြစ်နေခဲ့ပါတယ်။
လတ်တလောမှာ ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သေဒဏ်စီရင်ခဲ့တာကြောင့် စစ်ကောင်စီကို နိုင်ငံတကာအဖွဲ့အစည်းတွေက အပြင်းအထင်ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။ စစ်ကောင်စီကတော့ ဒါကို ဥပဒေအတိုင်း လိုအပ်သလိုဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သူတို့ရဲ့အကြမ်းဖက်မှုအပေါ်ကာကွယ် ပြောဆိုခဲ့ပါတယ်။
မြန်မာ့အရေးမှာ အာဆီယံဦးဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ကြားနိုင်ငံတစ်ခုက ဝင်ရောက်ကူညီဖြေရှင်းပေးနိုင်မယ့် အလားအလာတွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ အပတ်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုင်ဖူဒင်က ပြောပါတယ်။
တကယ်လိ့ အာဆီယံအဖွဲ့တစ်ခုတည်းအနေနဲ့ ဒီကိစ္စကိုမဆောင်ရွက်နိုင်ဘူးဆိုရင် အာဆီယံမိတ်ဖက်နိုင်ငံတချို့ကိုလည်း အကူအညီတောင်းဖို့အတွက် အဖွဲ့ဝင်နိုင်ငံတချို့က အစည်းအဝေးမှာတင်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။ ဘယ်နိုင်ငံတွေကတင်ပြပြီး ဘယ်နိုင်ငံတွေကို အကူအညီတောင်းမယ်ဆိုတာကိုတော့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မပြောသွားခဲ့ပါဘူး။
Ref- CNA