မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကော့ကံကျေးရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစောဆန်းဝင်းရဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက် ချိပ်ပိတ်သွားတယ်လို့ NLD ပါတီနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်က ဦးစောဆန်းဝင်း နေအိမ်မှာ မီးလန့်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက နေအိမ်ကို ဝင်ရောက်စစ်ဆေးစဉ် လက်နက်ခဲယမ်းတချို့ တွေ့ရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သြဂုတ် ၉ ရက်မှာ နေအိမ်ကို လာရောက် ချိပ်ပိတ်သွားတာ ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ ဦးစောဆန်းဝင်း နေအိမ်ကို ဝင်ရောက် စစ်ဆေးစဉ် လက်ပစ်ဗုံး ၁ လုံး၊ ၉ မမ ကျည် အတောင့် ၅၀ နဲ့ စနိုက်ပါ မှန်ပြောင်းတလက် တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဦးစောဆန်းဝင်းကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)နဲ့ အမှုဖွင့်ထားတာဖြစ်ပြီး ဦးစောဆန်းဝင်းကတော့ စစ်ကောင်စီရဲ့ လိုက်လံ ရှာဖွေ ဖမ်းဆီးမှုတွေကြောင့် တိမ်းရှောင် နေရတာပါ။
မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေနဲ့ ပါတီထောက်ခံသူတွေ အပါအဝင် အရပ်သားပြည်သူ နေအိမ် ၂၀ ထက်မနည်း ချိပ်ပိတ်ခံထားရပါတယ်။