Home
မြန်မာသတင်း
စစ်အာဏာရှင်ကို အပြီးတိုင်ချေမှုန်းနိုင်မှ တိုင်းပြည်ငြိမ်းချမ်းမည်ဟု ကချင်အာဇာနည်နေ့တွင် ကေအိုင်အို ခေါင်းဆောင်ပြော
DVB
·
August 10, 2022
297120252_3183338665327403_4662047168552297839_n

မြန်မာနိုင်ငံဟာ လူမျိုးကြီးဝါဒကို အခြေခံတဲ့စစ်အာဏာရှင်တွေကို အပြီးတိုင်ချေမှုန်းနိုင်မှ ငြိမ်းချမ်းလာမယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အို) ခေါင်းဆောင် ဗိုလ်ချုပ်အင်ဘန်လက ဩဂုတ် ၁၀ ရက်မှာ ကျရောက်တဲ့ ကချင်အာဇာနည်နေ့မိန့်ခွန်းမှာ  ပြောကြားလိုက်ပါတယ်။

စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်းနဲ့ အသက်ပေးဆပ်သူတွေ အားလုံးကို အလေးပြုကြောင်း၊ တော်လှန်ရေးမှာ အသက်ပေးခဲ့တဲ့ သူရဲကောင်းတွေအားလုံးရဲ့ အမည်နာမကို စာရင်းသေချာပြုစုရန်လိုအပ်ကြောင်း၊ လူမျိုးကြီးဝါဒကို အခြေခံတဲ့ စစ်အာဏာရှင်တွေကြောင့် မြန်မာနိုင်ငံဟာ ကဏ္ဍတိုင်းပျက်စီးနေပြီဖြစ်လို့  စစ်အာဏာရှင်တွေကို အပြီးတိုင်ချေမှုန်းရမှာဖြစ် ကြောင်း ဗိုလ်ချုပ်အင်ဘန်လက  ပြောပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၇၅ နှစ်အတွင်း စစ်အာဏာရှင်တစ်စုကြောင့် နိုင်ငံရေး၊ စီးပွားရေးနဲ့ ပညာရေးစတဲ့ကဏ္ဍတိုင်း ပျက်စီးနေတာဟာ စစ်အာဏာရှင်တွေကြောင့်သာဖြစ်ပြီး မြန်မာနိုင်ငံဟာ စစ်အာဏာရှင်တွေကြီးစိုးတာ နှစ်ပေါင်း ၇၅ နှစ်ကျော်လာပြီဖြစ်လို့ စစ်အာဏာရှင်တစ်စုကို အဆုံးသတ်ရမယ်လို့ မိန့်ခွန်းမှာ ဗိုလ်ချူပ်အင်ဘန်လက ပြောပါတယ်။

မြန်မာနိုင်ငံငြိမ်းချမ်းလာရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမဲ့ လူမျိုးကြီးဝါဒကိုင်ဆွဲတဲ့ စစ်အာဏာရှင်တွေကြောင့် မအောင်မြင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ စစ်ကောင်စီက ဖိတ်ခေါ်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတက်ရောက်ခြင်းဟာ လူမျိုးကြီးဝါဒ စစ်အာဏာရှင်စနစ်ကိုအားပေးရာရောက်လို့ ဆွေးနွေးပွဲကို ငြင်းပယ်ခဲ့တာဖြစ်တယ်လို့ ကေအိုင်အို ခေါင်းဆောင်က ပြောပါတယ်။

လက်ရှိစစ်ကောင်စီဟာ ကချင်နဲ့ ရှမ်းလူမျိုးစုကြား သွေးခွဲကာ နယ်မြေလု ရန်တိုက်ပေးတဲ့ လုပ်ဆောင်မှုတွေကိုလည်း ပြည်သူလူထုအနေနဲ့ သဘောပေါက်နားလည်ရမှာဖြစ်ပြီး ကိုယ်တစ်ဦးတစ်ယောက် စစ်အာဏာရှင်စနစ်‌အောက်က လွတ်မြောက်ရေးအတွက် စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းခြင်းတို့ကို သတိချပ်ရမယ်လို့လည်း တိုက်တွန်း ပြောဆိုထားပါတယ်။

ကေအိုင်အိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ Singpraw Majoi ခန်းမမှာ ကချင်အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024