မကွေးတိုင်း၊ မြို့သစ်မြို့နယ်မှာ ဩဂုတ် ၉ ရက် မနက်အစောပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ဗိဿနိုး-PDF တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ပွင့်ဗိုလ်အပါအဝင် ၃ ယောက်သေဆုံး၊ တယောက်ဒဏ်ရာရပြီး PDF တပ်ဖွဲ့ဝင် ၆ ယောက်နဲ့ ပြည်သူတယောက် ကျဆုံးခဲ့တယ်လို့ ဗိဿနိုး-PDF က ပြောပါတယ်။
“မြို့သစ်မြို့နယ်၊ ကနီရွာမှာ ဩဂုတ် ၉ ရက်က နယ်မြေစိုးမိုးရေးနဲ့ စည်းရုံးရေးသွားလုပ်တဲ့ ဗိဿနိုး-PDF တပ်ဖွဲ့ဝင် ညအိပ်တည်းခိုတဲ့အိမ်ကို ဒလန်တွေက သတင်းပေးလို့ မနက်အစောပိုင်း ၂ နာရီကျော်လောက်မှာ စစ်(…)အင်အား ၃၀ လောက် လာဝိုင်းလို့ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားပြီး စစ်(…)ဘက်က ၃ ပွင့်အဆင့်ရှိတဲ့ ဗိုလ်တယောက် အပါအဝင် ၃ ယောက်သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့တယ်” လို့ ဗိဿနိုး-PDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ လက်နက်အင်အား၊ လူအင်အား မမျှတဲ့အပြင် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခံရလို့ ဗိဿနိုး-PDF တပ်ဖွဲ့ရဲ့ အကြီးတန်းတာဝန်ခံ အပါအဝင် ရဲဘော် ၆ ယောက်နဲ့ ပြည်သူတယောက် တိုင်းပြည်အတွက် အသက်ပေးလှူလိုက်ရတယ်လို့ ဆိုပါတယ်။
ဗိဿနိုး-PDF ဟာ ဒလန်တွေရဲ့ သတင်းပေးမှုကြောင့် မကြာခဏ စီးနင်းဖမ်းဆီးခံရတာတွေ ရှိပေမဲ့ နောက်ဆုတ်သွားမှာမဟုတ်ဘဲ ကျဆုံးခဲ့တဲ့ ရဲဘော် ၆ ယောက်နဲ့ ပြည်သူတယောက်ကို သူရဲကောင်းတွေအဖြစ် မှတ်တမ်းတင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းတဲ့အထိ ကျန်ရှိနေတဲ့ ရဲဘော်တွေက ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာ ပြုသလို မိဘပြည်သူတွေ အနေနဲ့လည်း မိမိတို့တတ်နိုင်တဲ့ နေရာကနေ ပူးပေါင်းပါဝင် ကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။