မန္တလေးမြို့ကနေ မော်တော်စက်လှေနဲ့ စျေးဝယ်ပြန်လာတဲ့ ခက်သင်ရွာသား ၉ ဦးကို စစ်ကောင်စီတပ်က သြဂုတ် ၁၀ ရက်မနက်မှာ ဖမ်းဆီးသွားတယ်လို့ ဗိုလ်ကျားကြီးအဖွဲ့က ပြောပါတယ်။
ခက်သင်ရွာသား ၉ ဦးကို စစ်ကောင်စီတပ်က လက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးသွားတာဖြစ်ပြီး ပါလာတဲ့ ပစ္စည်းတွေနဲ့ မော်တော်စက်လှေကိုပါ သိမ်းသွားတယ်လို့ ဆိုပါတယ်။
ဗိုလ်ကျားကြီးက “ဒီမနက် ရွာသာယာမှာ တပ်စွဲထားတဲ့ စစ်သားတွေနဲ့ ကြက်တူရွေးရွာမှာ တပ်စွဲထားတဲ့ စစ်သားတွေ ပေါင်းနေတယ်။ ဘာလုပ်ကြမလဲတော့ မသိဘူး။ ခက်သင်က မော်တော်ကိုဖမ်းပြီး ပါလာသူတွေကို ကျားကြီးတပည့်ဆိုပြီး ရိုက်နှက်နေတယ်” လို့ ပြောပါတယ်။
မန္တလေးကနေ စျေးဝယ်ပြီး ခက်သင်ရွာပြန်လာတဲ့ စက်လှေကို ကြက်တူရွေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က မော်တော်တွေနဲ့ ဧရာဝတီမြစ်ရိုးတလျှောက် ရွာတွေကို ဝင်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့ သတိထားနေကြဖို့ ဗိုလ်ကျားကြီးအဖွဲ့က သတိပေးထားပါတယ်။