ရန်ကုန်ြမို့၊ မြောက်ဥက္ကလာပမြို့နယ် အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်းမှာ ဒီကနေ့ သြဂုတ် ၉ ရက် နေ့လယ်ပိုင်းက ခုနှစ်တန်းကျောင်းသားအချင်းချင်း ရန်ဖြစ်ရာက ကတ်ကြေးနဲ့ထိုးမှု ဖြစ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မြောက်ဥက္ကလာပမြို့နယ် ၂ ရပ်ကွက်မှာရှိတဲ့ အထက ၄ ကျောင်းမှာ ဒီကနေ့ မွန်းတည့် ၁၂ နာရီက ကျောင်းသားချင်း ရန်ဖြစ်ရာက အသင့်ပါလာတဲ့ ကတ်ကြေးနဲ့ ထိုးခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကျောင်းရှေ့မှာ စစ်သားတွေရော၊ ရဲတွေရော၊ လူနာတင်ယာဥ်တွေရော ရောက်နေလို့ သွားကြည့်တာ ကျောင်းသားတယောက် ဓားနဲ့ထိုးခံထားရတဲ့ ဒဏ်ရာတွေနဲ့ နောက်တယောက်ကို ရဲတွေက ခေါ်သွားတာ တွေ့တယ်။”
Grade 9 ကျောင်းသားနှစ်ဦး ကျောင်းမုန့်စားတန်းမှာ ရန်ဖြစ်ရာမှ ခံရသူက အသင့်ပါလာတဲ့ အရှည် ၇ လက်မလောက် ကတ်ကြေးနဲ့ ထိုးခဲ့တာလို့ အမည်မဖော်လိုသူ ပညာရေးဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အရင်ရက်တည်းက ဖြစ်နေကြတာနေမယ်။ မုန့်စျေးတန်းမှာထပ်ဖြစ်တော့ ကတ်ကြေးယူလာတဲ့ ကျောင်းသားက ထုတ်ပြီးထိုးတာ ငါးချက်လောက်ထိတယ်။”
ကတ်ကြေးနဲ့ အထိုးခံရတဲ့ ကျောင်းသားဟာ ကျောကုန်းမှာ ထိုးသွင်းဒဏ်ရာလေးချက်၊ နောက်စေ့ ပြတ်ရှဒဏ်ရာတချက်ရပြီး မြောက်ဥက္ကလာပဆေးရုံကြီးကို ပို့ဆောင်ထားရတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
လတ်တလောမှာ ကတ်ကြေးနဲ့ထိုးခဲ့သူ Grade 9 ကျောင်းသားကို ရဲတွေက မြောက်ဥက္ကလာပမြို့မရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။