ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ထဲမှာ UWSA ဝ တပ်ဖွဲ့ရဲ့ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတဲ့ ထိုင်းဇာတ်ကြမ်းရုပ်ရှင်ဒါရိုက်တာ နိုင်းလမိုင့် မိုရီဖန်း ခေါ် ဆရာဒယ်နီဟာ ဒီကနေ့ ဩဂုတ် ၉ ရက် မနက် ၉ နာရီခွဲလောက်က အမိမြေ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။
နှစ်ဖက်နိုင်ငံရှိ TBC ထိုင်း-မြန်မာနယ်ခြားကော်မတီ (ဒေသတွင်းအဆင့်) တာဝန်ရှိသူတွေရဲ့ ချိတ်ဆက်မှုနဲ့ မြန်မာအာဏာပိုင်တွေက ဆရာဒယ်နီကို တာချီလိတ်-မယ်ဆိုင်ကြားရှိ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ် ၂ မှာ လာရောက်လွှဲပြောင်းပေးအပ်ပြီး ထိုင်းအမှတ် ၃ ဒေသ ကွန်မန်ဒိုတပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးကြီး ဆုမ်ဖုပ်ဆန် တေချနဲ့ တာဝန်ရှိသူတွေက သွားရောက်ကြိုဆို လက်ခံခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်က UWSA တပ်ဖွဲ့က သူ့ကို တာချီလိတ် မြန်မာအာဏာပိုင်တွေထံ ပြန်လည်အပ်နှင်းပြီး သူ့မိသားစုဝင်တွေ ပြောသလို ဝ တပ်ဖွဲ့က ပြန်ပေးဆွဲတာမဟုတ်ဘဲ သူ့ဘာသူ ဆေးစွဲရောဂါကုသဖို့ ဝင်သွားတာဖြစ်တယ်၊ ဒီကိစ္စ မူးယစ်ဆေးဝါး ရောင်းဝယ်ရေးနဲ့ လုံးဝပတ်သက်ခြင်းမရှိဘူးလို့ ဝ တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောကြောင်း မြန်မာတာဝန်ရှိသူတွေက ထိုင်းဘက်က တာဝန်ရှိသူတွေကို ပြောပါတယ်။
ဆရာဒယ်နီမှာလည်း ကျန်းမာရွှင်လန်းစွာရှိပြီး သူ့ကိစ္စက မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှု မရှိကြောင်း၊ အလိမ်ခံရလို့ ဝ တပ်ထဲ ရောက်သွားတာမဟုတ်ဘဲ သူ့ဘာသူသွားတာလို့ ထပ်လောင်းပြောဆိုပါတယ်။
ဒါပေမဲ့ ထိုင်းစစ်တပ်ကတော့ သူ့ကို ဖြစ်ရပ်မှန် အသေးစိတ် ဆက်လက်စစ်ဆေးမေးမြန်းဖို့ ချင်းရိုင်းခရိုင် မင်းဂရိုင်းမဟာရတ်ချ်ဌာနချုပ်ကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ဆရာဒယ်နီဟာ ဒီနှစ် ဇန်နဝါရီလကတည်းက ပျောက်ဆုံးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လကမှ မိသားစုထံ စာတစောင်ပေးပို့ကာ သူဟာ ဝ တပ်ဖွဲ့ရဲ့ ဖမ်းဆီးခံနေရကြောင်း၊ ဝ တပ်ဖွဲ့ကို မူးယစ်ဆေးရောင်းရငွေ ဘတ်၂၄ သန်း ပြန်မပေးနိုင်တဲ့ အသိတယောက်က သူ့ကို တန်ဆာခံအဖြစ် ထားခဲ့လို့ ပြန်လွတ်ချင်ရင် ငွေ ၂၄ သန်းနဲ့ ပြန်ရွေးဖို့၊ သူ့ကို ပြန်လွတ်အောင် ကူညီဖို့ ပြောခဲ့တာပါ။
ဒီကနေ့ ပြန်လွတ်လာတော့ အရင်ကပြောခဲ့တဲ့ အချက်တွေနဲ့ လုံးဝကွဲလွဲနေလို့ သူအသက်ရှင်လျက် ပြန်လွတ်လာရဖို့ တစုံတရာ ဖုံးကွယ်ပြောဆိုရတာ ဖြစ်နိုင်ကြောင်း လည်း သုံးသပ်ပြောဆိုနေကြပါတယ်။