မကွေးတိုင်း၊ ထီးလင်းမြို့နယ်အခြေစိုက်၊ PDFထီးလင်းတပ်ဖွဲ့က အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲကို ဩဂုတ် ၇ ရက်နေ့က ကျင်းပခဲ့တယ်လို့ ထီးလင်း PDF ရဲ့ တာဝန်ခံက ပြောပါတယ်။
အဆိုပါသင်တန်းမှာ တပ်သား ၂၁ ယောက် သင်ကြားပို့ချနိုင်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေနဲ့ ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်ရင်းမှူးတွေ၊ တပ်ခွဲမှူးတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
သင်တန်းဆင်းပွဲ အခမ်းအနားမှာ (ပ.က.ဖ)၊ (ပ.အ.ဖ) တာဝန်ရှိတွေက သင်တန်းဆင်း ရဲဘော်တွေအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း အမှာစကားပြောကြားပြီး ထီးလင်း PDF တပ်ရင်းမှူးတွေက ရဲဘော်ကျင့်ဝတ် စည်းကမ်းတွေ လိုက်နာကျင့်သုံးဖို့၊ စည်းလုံးညီညွတ်မှုရှိဖို့နဲ့ တာဝန်ထမ်းဆောင်ချိန်မှာ အမိန့်နာခံတတ်မှုရှိစေဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အခြေအနေ အခက်အခဲတွေကြောင့် သင်တန်းဆင်းပွဲအား မိဘတွေကို ဖိတ်ခွင့်မပြုဘဲ တာဝန်ရှိသူအနည်းငယ်နဲ့ တောတွင်းတနေရာမှာ ကျင်းပခဲ့ရတဲ့အပေါ် အပတ်စဥ် ၅ သင်တန်းသားတွေ နားလည်ပေးကြဖို့လည်း ထီးလင်း PDF က မေတ္တာရပ်ခံထားပါတယ်။
လတ်တလောမှာတော့ ထီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံ PDF တပ်တွေအကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပါတယ်။