စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ ဩဂုတ် ၇ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုင်း ၂ ကြိမ် ဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ဘုတလင်မြို့နယ် ဇီးတောကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုင်းနှစ်ကြိမ်ဆွဲ တိုက်ခိုက်ခဲ့တာလို့ Aung San Generation Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
"ဇီးတောရွာအဝင်မှာ ဈေးဝယ်လာတဲ့ စစ်ကောင်စီတပ်သား နှစ်ကောင်နဲ့ ကျနော်တို့တပ်ဖွဲ့ဝင်တွေ ၇၅ မီတာအကွာလောက်မှာ ထိပ်တိုက်ဆုံတယ်။ အဲ့ဒီ နှစ်ကောင်က သေနတ်ဖောက်အချက်ပေးလို့ ရွာစာသင်ကျောင်းထဲ တပ်စွဲထားတဲ့ကောင်တွေနဲ့ ၁၀ မိနစ်လောက် တိုက်ပွဲဖြစ်တယ်။ လက်နက်အင်အား မမျှတော့ ကျနော်တို့က ပိုးကုန်ရွာဘက်ပြန်အဆုပ်မှာ သူတို့ (စစ်ကောင်စီတပ်ဖွဲ့) က ပိတ်ဆို့ပြီး လက်နက်ကြီးနဲ့ပစ်တော့ ကျနော်တို့ရဲ့ မဟာမိတ် ကနောင် Local PDF ရဲ့အကူညီနဲ့ မိုင်းဆွဲပြီး ပြန်လည်တိုက်ခိုက်နိုင်ခဲ့တယ်။ အဲ့ဒီမှာ စစ်ကောင်စီတပ်သား ၄ ယောက်သေတယ်။ နောက်ပြီး ဘုတလင်မြို့အဝင်က ကတ္တားဂိတ်မှာ မိုင်းထပ်ဆွဲတော့ ၁ ယောက်ထပ်သေတယ်။"
သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒဏ်ရာရရှိသွားသူတွေကိုတော့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စစ်ဆေးရုံကို သယ်ဆောင်သွားကြတယ်လို့ သိရပါတယ်။
ဘုတလင်မြို့နယ် ကျေးရွာတချို့က စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့က လုံခြုံရေးအကြောင်းပြကာ တပ်စွဲထားတာတွေရှိသလို တပ်အင်အားတိုးချဲ့ချထားတာတွေလည်း ရှိနေပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။