ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ဇင်းဘုံရွာအနီးမှာ သြဂုတ် ၇ ရက်နေ့ မနက်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တနာရီနီးပါး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗန်းမော်-ရွှေကူ ခရီးသွားတွေနဲ့ ယာဥ်တွေ သွားလာမှု ရပ်ဆိုင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တိုက်ပွဲဖြစ်တာဟုတ်တယ်၊ လွန်ခဲ့တဲ့ ၆ ရက်နေ့ကလည်း တိုက်ပွဲ နာရီ၀က်နီးပါးလောက်ဖြစ်သွားတယ်၊ ရွာနားမှာပဲ။ စင်းခန်းဘက်ကနေ စစ်သားတွေ ၂၀၀ ကျော်လောက်ရှိမယ် ဆင်းလာကြတာ။ အခုရွာကလူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်။ လမ်းမကြီးဘေးက အိမ်တချို့ကို စစ်ကောင်စီတက်ဖွဲ့၀င်တွေ မီးရှို့သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
အဆိုပါ တိုက်ပွဲဖြစ်ပွားတဲ့ နေရာဟာ ဧရာ၀တီဒုတိယမြစ်ကျဥ်းအနီးနဲ့ မန္တလေး၊ ဗန်းမော်မိန်းလမ်းမကြီးမှာ ဖြစ်ပြီး အခုချိန်ထိ စစ်ကောင်စီ၀င်တွေနဲ့ PDF၊ KIA ပူးပေါင်းတပ်တွေ ကင်းပုန်းတွေချ စစ်ဆေးတာတွေ ရှိနေပြီး သွားရလာရခက်ခဲနေတယ်လို့ ယာဥ်မောင်းတဦးက ပြောပါတယ်။
“စစ်ကောင်စီက ကောင်တွေက စစ်ဆေးရေး တင်းကြပ်ထားပြီး တချို့ကိုတော့ ဖြတ်ခိုင်းတယ်။ PDFတွေကတော့ အန္တရာယ်များလို့ မဖြတ်ခိုင်းပါဘူး၊ တိုက်ပွဲအခြေအနေကြောင့်။”
နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်မှု အခြေအနေကိုတော့ သ တင်းထုတ်ပြန်ထားတာ မတွေ့ရှိရသေးပါဘူး။ အခုရက်ပိုင်းအတွင်း ကသာ၊ ဗန်းမော်လမ်းပိုင်း ရွှေကူမြို့နယ် တလျှောက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့မှာ မန္တလေးကနေ သင်္ဘောအချို့နဲ့ လက်နက်တွေ တင်ဆောင် တပ်ဆင်လာပြီး ဧရာ၀တီမြစ်ကြောင်းအတိုင်း ဗန်းမော်ကို ဆန်တက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
သြဂုတ် ၈ ရက် ဒီနေ့မှာတော့ ယာဥ်တွေ အသွားလာရှိနေပေမယ့် နှစ်ဖက်တပ်ဖွဲ့တွေ စစ်ရေး တင်းမာနေတာကြောင့် အသွားအလာပါးနေတယ်လို့ ဆိုပါတယ်။
ဒီနှစ်အတွင်းကပုံဟောင်းကိုအသုံးပြုထားပါသည်