ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် ၁၆ ရပ်ကွက် တိုးကြောင်ကလေးဘူတာမှာ ဒီကနေ့ မနက်ပိုင်းက ရထားဖြတ်နေစဥ် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အမှတ် ၁ အဆန်စာပို့ရထားမှာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်က တိုးကြောင်ကလေးဘူတာအနီး တံတားအမှတ် ၁၅ အရောက်မှာ တံတားအောက်ကနေ ဗုံးပေါက်ကွဲခဲ့တာလို့ ဘူတာအနီး နေထိုင်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဗုံးက နှစ်လုံးပေါက်တာ။ ပထမတလုံး အတော်ကျယ်တယ်။ မိနစ် နှစ်ဆယ်လောက်ကြာမှ နောက်တလုံး ထပ်ပေါက်တာ လူထိခိုက်မှု ရှိ၊မရှိတော့ မသိရဘူး။ ဗုံးပေါက်တော့ ဘယ်သူမှ သွားလို့မရတော့ဘူး။"
ပေါက်ကွဲမှုကြောင့် စာပို့ ရထားအောက်ခြေ ကြမ်းခင်းနဲ့ ဇလီဖားတုံး တတုံး ပျက်စီးသွားတယ်လို့ မြန်မာ့မီးရထား နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ပထမတလုံးက ရထားဖြတ်ချိန် ပေါက်တာ။ နောက်တလုံး စစ်တပ်ကလာမှ ထပ်တွေ့တာ။ သူတို့ပဲ ယမ်းကပ်ပြီး ဖျက်ဆီးပစ်လိုက်တယ်။ ရထားကတော့ ဆက်ပြီးထွက်ပါတယ်။ ရပ်ထားတာ မရှိပါဘူး။ ထိခိုက်ဒဏ်ရာရတဲ့သူမရှိဘူး။"
ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်တွေဟာ တိုးကြောင်လေးဘူတာအနီးက လမ်းသွားလမ်းလာတချို့ကို စစ်ဆေးခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်တွေကလည်း မင်္ဂလာဒုံမြို့နယ်တရားရုံး နဲ့ မြောက်ဥက္ကလာပရဲစခန်းတို့မှာ ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ရှိခဲ့ပါတယ်။
ရန်ကုန်က မြို့တချို့မှာ သြဂုတ် ၇ ရက်အထိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးတွေ ပစ်ခတ်ခံရလို့ ခြောက်ယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာ ရခဲ့ပါတယ်။