Home
မြန်မာသတင်း
မြိုင်ဒေသခံများ တော်လှန်ရေးအတွက် လက်ဝတ်ရတနာများ လှူဒါန်း
DVB
·
August 7, 2022
297867840_182928497526908_2153207633580574537_n

မကွေးတိုင်း မြိုင်မြို့နယ်မှာ ဩဂုတ် ၆ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ် အပြီးမှာ ဒေသခံပြည်သူတွေ ပိုင်ဆိုင်တဲ့ လက်ဝတ်ရတနာ ရွှေထည်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို တော်လှန်ရေးအတွက် လှူဒါန်းပေးခဲ့ကြတယ်လို့ မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ်ကော်မတီက ပြောပါတယ်။

သပိတ်စစ်ကြောင်းတွေအပြီးမှာ ဒေသခံပြည်သူတွေက တော်လှန်ရေးအတွက် ရွှေလှူတာဆိုရင် ၄ ကြိမ်မြောက်ရှိပြီဖြစ်သလို တခြားပိုက်ဆံလှူကြတာတွေကတော့ များတယ်လို့ မြိုင်မြို့နယ် အခြေခံပညာအထွေထွေ သပိတ်ကော်မတီရဲ့ ဦးဆောင်သူတယောက်က ဒီဗွီဘီကိုပြောပါတယ်။

“ကျနော်တို့နောက်မှာ ပြည်သူတွေရှိနေပြီး သူတို့ပိုင်ဆိုင်ထားတဲ့ ပစ္စည်းတွေကိုတောင်မှ ချွတ်ပြီးတော့ လှူကြတယ်၊ ထောက်ပံ့ကြတယ်ဆိုတော့ ကျနော်တို့ ရှေ့ဆက်လုပ်ဖို့အတွက် အားဖြစ်တာပေါ့။ စတင်ပြီး အလှူခံကတည်းက လက်ရှိအချိန်ထိဆိုရင် နားဂွင်း၊ နားဆွဲ၊ လက်စွပ်၊ ကလစ် အကုန်အစုံဆိုရင် ၇၀ ကျော်လောက်ရှိပြီ။ အဲဒီပစ္စည်းတွေကို ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တွေဆီမှာ ပြန်လည်အပ်နှံခဲ့တာဖြစ်လို့ အလေးချိန်ကိုတော့ မခန့်မှန်းတတ်ဘူး။ ပြည်သူတွေ လှူဒါန်းပေးတဲ့ ပစ္စည်းတွေကိုလည်း ကျေးရွာကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ကြားကာလပညာရေးကျောင်းတွေမှာ ထောက်ပံ့ကြဖို့ ပြောခဲ့တယ်။ ရွှေတွေကိုပြန်ပြီး ထုခွဲရောင်းချတဲ့အပိုင်းကတော့ ရပ်ရွာအဖွဲ့စည်းတွေတိုင်ပင်ပြီးမှ လုပ်ကြတာ။ ကျနော်တို့ကတော့ ပွဲပြီးတာ နဲ့အကုန်အပ်ခဲ့လိုက်တာ။” 

မြိုင်မြို့နယ်ထဲမှာ CDM ဝန်ထမ်း ၁၀၀၀ ကျော်လောက်ရှိနေပြီး ရန်ပုံငွေရရှိမှု နည်းပါးလာတဲ့အတွက် ရပ်တည်ဖို့ခက်ခဲလာကြတယ်လို့ သပိတ်ကော်မတီ ဦးဆောင်သူက ဆက်ပြောပါတယ်။

“ခက်ခဲနေတဲ့ ဝန်ထမ်းတွေအတွက် ကျနော်တို့ကော်မတီက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ထောက်ပံ့တာတွေ လုပ်နိုင်ခဲ့ပေမယ့်လည်း အခုနှစ်မှာတော စစ်ကောင်စီက ရွာတွေ၊ အိမ်တွေကို မီးရှို့တာတွေ ဆက်တိုက်ပြုလုပ်လို့ နေအိမ်တွေ မီးထဲပါသွားလို့ အရေးပေါ်အခက်ခဲကြုံနေတဲ့ CDM ဝန်ထမ်းတွေနဲ့ အရေးပေါ်ကျန်းမာရေးအတွက် လိုအပ်နေတဲ့ ဝန်ထမ်းတွေကိုသာ ထောက်ပံ့ပေးနိုင်တော့တယ်လို့ ဆိုပါတယ်။ အစပိုင်းမှာတော လက်နက်ကိုင်လမ်းစဉ်စတဲ့ အချိန်မှာ အဆင်မပြေတာတွေအများကြီးရှိခဲ့တယ်။ လမ်းပေါ် လူထုသပိတ်တွေ ဆန္ဒပြတာတွေ မလိုတော့ဘူးဆိုတဲ့အမြင်တွေ၊ ဆန္ဒပြရင်ရွာနာမယ်ဆိုတဲ့ အမြင်တွေကြောင့် တော်တော်ခက်ခဲခဲ့တယ်။ နောက်ပိုင်းမှသာ မကြာခဏတွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်ကာ အမြင်ဖလှယ်ပြီးမှသာ နယ်ဘက်က နေရာတော်တော် များများမှာ ပြည်သူလူထု၊ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ကျနော်တို့ သပိတ်ကော်မတီတို့ ပူးပေါင်းပြီး ဆန္ဒသပိတ်တွေ ဆက်တိုက်လုပ်ဆောင်နေသလို ရှေ့ဆက်ပြီးလည်း လုပ်ဆောင်သွားမယ်။”

ဒေသခံအမျိုးသမီးတယောက်က “ကျမမှာ အိမ်ထောင်ရှိပေမယ့် သူက ကျန်းမာရေးမကောင်းတော့ သူများဆီမှာ ကူလီလိုက်ပြီး တနေ့ကို ဆန်တပြည်လောက်ဝယ်၊ ချေးငှားပြီး ရှာဖွေစားသောက်ရတာပါ။ ချေးငှားလို့ရတဲ့ ငွေကလည်း ထောက်ပံ့ဖို့နည်းပါးနေလို့ ရှိတဲ့နားကပ်ကိုချွတ်ပြီး လူထုတော်လှန်ရေးအတွက် ပါဝင်လှူဒါန်းလိုက်တာ။ ရပ်ရွာကာကွယ်ရေးအဖွဲ့တွေကလည်း အများအတွက် စောင့်ရှောက်‌ပေးထားတာ။ ညအိပ်တဲ့နေရာတောင်မှ သူတို့ရှိနေလို့သာ ခေါင်းပြားအောင်အိပ်ကြရတာ။ စစ်(…)စစ်ကြောင်း ဘယ်ကဝင်လာမလဲလို့ အမြဲတမ်းစိုးရိမ်နေကြရတာ။ သူတို့ရှိတော့ သတင်းကြိုရလို့ ရှောင်လို့လွယ်တယ်။ အများအတွက် အားလုံးအတွက် အကာကွယ်ပေးလို့လည်း ကျေးဇူးတင်တယ်။ တော်လှန်ရေးအတွက် မလှူရသေးသူတွေအနေနဲ့လည်း ကျမတို့လိုပဲ စိတ်အားထက်သန်စေချင်တယ်။ ဒါငါနဲ့မဆိုင်ဘူး ဘယ်နေရာနေနေ ကိုယ်လုပ်ရင်ကိုယ်စားရတာပဲ၊ ကျန်မာရေးကောင်းဖို့ပဲ လိုတယ်ဆိုတာက တနေ့ကျရင်ဆိုင်လာမှာဖြစ်လို့ တော်လှန်ရေးမှာ ပူပေါင်းပါဝင်ကြဖို့ တိုက်တွန်းပါတယ်။”

မြိုင်မြိုနယ်ထဲမှာ PDF စိုးမိုးနယ်မြေတွေများပြားလာလို့ စစ်ကောင်စီဘက်က အင်အားအလုံးရင်းနဲ့ စစ်ကြောင်း ၅ ကြောင်းခွဲပြီး အသည်းအသန်ထိုးစစ်ဆင်ကာ ကျေးရွာတွေကိုလည်း ဆက်တိုက်မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

မကွေးတိုင်းအတွင်းမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် မေ ၃၁ ရက်နေ့အထိ အိမ်ခြေ ၃၀၅၅ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး တနိုင်ငံလုံး အတိုင်းတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈,၈၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024