စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဒေသခံ ၁၀ ယောက်ကို ဖမ်းဆီးခဲ့ပြီး ကျေးရွာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘုရားထွက်ကျေးရွာရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဟာ အင်ပင်-ယဒင်ကျေးရွာနားကို ဩဂုတ် ၄ ရက်က ရောက်ရှိလာပြီး အင်ပင်-ယဒင်နဲ့ ကိုင်းကံကျေးရွာ အနီးဝန်းကျင်ကို ရဟတ်ယာဉ်နဲ့ ပစ်ခတ်ကာ ကျေးရွာကို မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ လျှော်ဖြူကျေးရွာမှ ဦးမိုးညိုကို ပစ်သတ်ပြီး ကိုင်းကံရွာက ၂ ယောက်၊ မကျည်းအုပ်ရွာက ၁ ယောက်နဲ့ လျှော်ဖြူရွာက ၇ ယောက်ကို ဖမ်းဆီးသွားတာကြောင့် အသက်အန္တရာယ်ပြုမှာကို စိုးရိမ်ရတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ဩဂုတ် ၆ ရက်က ထုတ်ပြန်ပါတယ်။
ဒီပဲယင်းမြို့နယ်ညီနောင်းများအဖွဲ့ဝင်တဦးက “ကိုင်းကံရွာကတော့ အဆိုးဆုံးအခြေအနေပဲ။ သုံးပုံ နှစ်ပုံလောက် မီးလောင်ဆုံးရှုံးတယ်။ လျှော်ဖြူကျေးရွာက နှစ်အိမ်မီးလောင်ခဲ့ပြီး အင်ပင်-ယဒင်တော့ မသိရသေးဘူး” လို့ ပြောပါတယ်။
ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး အင်ပင်-ယဒင်၊ ကိုင်းကံ၊ လျှော်ဖြူ စတဲ့ကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo crd ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့