မကွေးတိုင်း ပေါက်မြို့နယ်၊ စမ်းရေခုံရွာက နေအိမ် ၇ လုံးကို စစ်ကောင်စီတပ်က သြဂုတ် ၅ ရက် မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သြဂုတ် ၅ ရက် မနက် ၁၀ နာရီလောက်က စစ်ကောင်စီတပ်သား ၁၀ ယောက်ဟာ တောင်သားလေးဘုရားကုန်ပေါ်ကနေ သေနတ်ဖောက်ပြီး စမ်းရေခုံရွာကို ဝင်လာကာ နေအိမ် ၇ လုံးကို မီးရှို့ခဲ့တာလို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
“ကျမတို့လည်း သူတို့ စစ်ကြောင်းထိုးလာလို့ ကြောက်ပြီး ထွက်ပြေးကြတာ။ လူမရှိတဲ့ အိမ်ကို မီးရှို့မှာလို့ ပြောပြီး PDF နေအိမ်လို့ စွပ်စွဲပြီး နေအိမ် ၇ လုံးကို မီးရှို့ ဖျက်ဆီးသွားကြတယ်။”
လွန်ခဲ့တဲ့ ၂ လလောက်ကလည်း ရဲတယောက် မိုင်းထိပြီး ဒဏ်ရာရခဲ့လို့ PDF လာတာ မပြောရကောင်းလားဆိုပြီး ရွာသား ၁၀ ယောက်လောက်အား ဖမ်းကာ လက်ပြန်ကြိုးတုတ်ဝမ်းလျားမှောက်ခိုင်းပြီး ရိုက်နှက်ခဲ့ကြတယ်လို့ ဒေသခံ တချို့က ဆိုပါတယ်။
မကွေးတိုင်းအတွင်း စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ အိမ်ခြေ ၃၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ Data For Myanmar က ဇွန် ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။