Home
မြန်မာသတင်း
ကျောက်ထုဒေသတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ ၅ ဦးခန့်ဒဏ်ရာရ
DVB
·
August 6, 2022
297221338_182562964230128_4192657785850313086_n

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုဒေသမှာ သြဂုတ် ၅ ရက် မနက်ပိုင်းက စစ်ကောင်စီ စစ်ကြောင်းကို ကျောက်ထု-PDF(YRPA)က ပြောက်ကျားစနစ်နဲ့ ချုံခိုတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က တယောက်သေဆုံးကာ ငါးယောက်လောက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်ထု-PDF ကနေ သိရပါတယ်။

ကျောက်ထု-ရွှေအောင်သာလမ်းပိုင်းမှာ သြဂုတ် ၅ ရက် မနက် ၁၀ နာရီခွဲလောက်မှာ ကျောက်ထုအမြောက်တပ်ကနေ  စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်အင်အား ၁၀၀ လောက်ကို လက်နက်ငယ်တွေနဲ့ ချုံခိုတိုက်ခိုက်ခဲ့တာလို့ ကျောက်ထု-PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ရန်ကင်းက ပြောပါတယ်။

စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ  လယ်ဆောကျေးရွာမှ ညအိပ်စခန်းချတဲ့အတွက် အိမ်ခြေ ၁၀၀ ဝန်းကျင်လောက်ရှိတဲ့ အဆိုပါကျေးရွာက ရွာသူရွာသားတွေ  ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။

ဗိုလ်ရန်ကင်းက “ဒေသခံပြည်သူတွေကတော့ စစ်(...)တွေ စင်ကြောင်းထိုးလာလို့ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်။ ကျနော်တို့ ဘက်မှာကတော့ ပုံမှန် ၂ ရက်ခြား ၃ ရက်ခြား လောက် စစ်ကြောင်းထိုးနေလို့ ထွေထွေထူးထူးတော့မရှိဘူး။ ကျနော်တို့တပ်ဖွဲ့အနေနဲ့ မိုင်းထောင်မိုင်းခွဲ တာတွေမှာ ပြည်သူတွေမထိခိုက်အောင် ဂရုစိုက်ပေးတယ်လို့ဆိုပါတယ်။ ကျနော်တို့ဘက်မှာက ရွာတွေ တော်တော်များများကတော့ တကယ်လို့ စစ်(...)တွေလာရင် ရှောင်ဖို့ တဲတွေ ဆောက်ထားပြီးကြိုတင်ပြင်ဆင်ထားတာရှိတယ်။ စစ်(...)တွေကလည်း အကြာကြီးတော့မနေဘူး။ တစ်ညလောက်အိပ်ပြီး ပြန်ထွက်သွားရင်ရွာထဲကို ပြန်ဝင်ကြတယ်။ စားဖို့အတွက်ကတော့ ဆန်တွေဆီတွေ ကြိုတင်ပြင်ဆင်ထားတယ်။”လို့ ပြောပါတယ်။

ကျေးရွာတွေမှာ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တွေ၊ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အုပ်ချုပ်ရေး အဖွဲ့တွေက ဦးဆောင်ပြီး စစ်ဘေးရှောင်ပြည်သူတွေကို ကူညီစောင့်ရှောက်ပေးတယ်လို့ ဗိုလ်ရန်ကင်းက ပြောပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေ သေဆုံးဒဏ်ရာရတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။   

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024