မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ သြဂုတ် ၁ ရက်မှ သြဂုတ် ၃ ရက်အထိ သုံးရက်ဆက်တိုက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ပစ်ခတ်သတ်ဖြတ်ခံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သြဂုတ် ၁ ရက် ညနေ ၃ နာရီလောက်မှာ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်က စီကောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းကို အမည်မသိ သေနတ်သမား ၂ ဦးက ပစ်ခတ်ခဲ့တာကြောင့် ဦးသိန်း သေဆုံးခဲ့တာလို့ ဆိုပါတယ်။
စီကောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်း ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ဘုံသာကျေးရွာနဲ့ ရွာသစ်ကုန်းကျေးရွာတွေက ရွာသား ၉ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့နေပါတယ်။
သြဂုတ် ၃ ရက် ညနေ ၃ နာရီက ငါန်းဇွန်မြို့နယ် လက်ပံကျင်းတောင်ရွာ ဘုန်းကြီးကျောင်းထဲမှာ စစ်ကောင်စီက လာရောက်တပ်စွဲထားတယ်လို့ ရွာသားတဦးက ပြောပါတယ်။
မြင်းခြံခရိုင် တောင်သာမြို့နယ် နန်းမြင့်ကျေးရွာမှာလည်း သြဂုတ် ၂ ရက် နေ့လယ်က နန်းမြင့်ကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ TTA-ပြောက်ကျား (တောင်သာ) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အလားတူ မြင်းခြံမြို့နယ် လယ်သစ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်နဲ့ လယ်သစ်ရွာ ပျူစောထီး မောင်နိုင်တို့ သြဂုတ် ၃ ရက် ည ၇ နာရီလောက်က အသတ်ခံရတာကြောင့် မြင်းခြံခရိုင်မှာ ၃ ရက်အတွင်း ပျူစောထီးနဲ့ အုပ်ချုပ်ရေးမှူး ၄ ဦးထိ အသတ်ခံနေတယ်လို့ ဆိုပါတယ်။
မြင်းခြံခရိုင်အတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အမြန်ဆုံး နုတ်ထွက်ပေးဖို့ TTA -Guerrilla Army က သတိပေးထားတယ်လို့ တောင်သာ ပြောက်ကျားတပ်က သိရပါတယ်။