စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ သြဂုတ် ၃ ရက်က ပြောက်ကျားအဖွဲ့ ၁၄ ဖွဲ့ ပူးပေါင်းပြုလုပ်ခဲ့တဲ့ အနက်ရောင်စစ်ဆင်ရေးမှာ အဖွဲ့ဝင် ၂ ဦး အပါအဝင် ၅ ဦး စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီး ၁ ဦး သေဆုံးသွားပါတယ်။
ဖမ်းခံရသူတွေက ဒိတ်ဒိတ်ကြဲအဖွဲ့မှ သန်းဇော်မျိုး (ခ) ငထူး၊ ဒဿအဖွဲ့မှ ကျော်သူရအောင် (ခ) ဖက်တီး၊ မြင့်ဇော်၊ ဝင်းမြတ်မင်း၊ ကျော်ဝေခိုင်တို့ဖြစ်တယ်လို့ Monywa PDF ပြောက်ကျားအဖွဲ့ရဲ့ သြဂုတ် ၃ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒေသခံတဦးက “မြို့ပြောက်ကျားအဖွဲ့ဝင် နှစ်ဦးပဲ၊ ကျန်တာတွေက အပြင်ကလူတွေဖြစ်တယ်။ အဲဒီအချိန်မှာ လမ်းသွားလမ်းလာတဲ့သူတွေကို စစ်ကောင်စီက ဖမ်းဆီးထားတာ” လို့ ပြောပါတယ်။
မုံရွာမြို့ ပြောက်ကျားအဖွဲ့တွေ စစ်ဆင်ရေးလုပ်ချိန် မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပြည်သူတွေ နေအိမ်အပြင်မထွက်ဖို့၊ စစ်ဆင်ရေးအနေနဲ့ အမြင့်လမ်း၊ မုံရွာ ဗိုလ်တေဇလမ်း မန်ကျည်းအုပ်အနီး၊ အေးရိပ်သာလမ်း အ.ထ.က (၆) ရှေ့၊ ညောင်ပင်ဇောက်၊ ဘိုးဘွားရိပ်သာအဝိုင်းပတ်၊ စက်မှုဇုန်တို့မှာ ဖောက်ခွဲပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ သေဆုံးမှုကိုတော့ မသိရသေးကြောင်း MonywaPDF က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
နေအိမ်ပြင်ပမထွက်ဖို့ ထုတ်ပြန်ရတာဟာ ပြည်သူတွေ ထိတ်လန့်စေဖို့မဟုတ်ဘဲ UG တပ်ပေါင်းစုအနေနဲ့ မြို့ပြကိုမစွန့်ခွာဘဲ ပြည်သူနဲ့ တသားတည်းရှိနေကြောင်းသိစေချင်လို့ ဖြစ်တယ်လို့ ဆိုပါတယ်။