မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်ကို သြဂုတ် ၃ ရက် ည ၇ နာရီလောက်က ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ Myingyan People Defence Force (MG PDF) က ထုတ်ပြန်ပါတယ်။
ကျောက်ပြုတ်ကျေးရွာအုပ်ကြီး ဦးမြင့်လွင်ကို မနေ့ည ၇ နာရီလောက်က ကျောက်ပြုတ်ရွာနဲ့ လယ်သစ်ရွာကြား လမ်းမှာ ရင်ဘတ်ကို သေနတ်နဲ့ ၄ ချက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အလားတူ လယ်သစ်ရွာက လက်နက်ကိုင်ဆောင်ထားတဲ့ ပျူစောထီး မောင်နိုင်ကိုလည်း မနေ့ည ၇ နာရီလောက်ကပဲ ပစ်ခတ်ရှင်းလင်းခဲ့ပြီး လက်ပစ်ဗုံးတလုံး၊ ဓားစူးတချောင်းနဲ့ လေးခွတလက် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
မြင်းခြံမြို့နယ်က စစ်ကောင်စီခန့်ထားတဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ထွက်ပေးဖို့ ထပ်မံ သတိပေးတော့မှာမဟုတ်ဘဲ ကြုံရင်ကြုံသလို သုတ်သင်ရှင်းလင်းသွားမယ်လို့ ပြောပါတယ်။
မြင်းခြံမြို့နယ်တွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ပစ်ခတ်သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးစိတ်ဝင်စားသူ အမျိုးသားတဦးက “လက်နက်ရှိသူက ပစ်သတ်နိုင်တာပေါ့ဗျာ။ တချို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက စစ်ပြန်တွေ ပါတယ်။ အဲတော့လည်း စကားပြောရင်ကို စစ်သွေးစစ်သံက ပါနေတော့ ခြိမ်းခြောက်တယ်၊ အနိုင်ကျင့်တယ် ဖြစ်ကြတာပေါ့။ အောက်ခြေမှာတော့ နေထိုင်စားသောက်ဖို့က ကျီးလန့်စာစားပါပဲဗျာ” လို့ ပြောပါတယ်။