ကယား(ကရင်နီ)ပြည်နယ်တွင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ NUG လက်အောက်ခံ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး လက်ဖြောင့်တပ်ဖွဲ့ (စနိုက်ပါ)က ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်ကောင်စီ တပ်သား ၁၂ ယောက်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ သြဂုတ် ၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဖရူဆိုမြို့နယ် ထီခူးတောမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရင်း ခ.မ.ရ (၄၂၈) တပ်ကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က ၄ ကြိမ် သွားရောက်ပစ်ခတ်ရာ စစ်သား ၈ ယောက် သေဆုံးခဲ့ပြီး ဖယ်ခုံမြို့နယ်၊ လွယ်မကူးတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပစ်ခတ်ရာ ၁ ဦး၊ မိုးဗြဲစစ်ဆင်ရေးမှာ ၃ ဦး ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကယား(ကရင်နီ)ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွေမှာ နယ်မြေကျူးကျော်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၊ ကရင်နီပူးပေါင်းတပ်ဖွဲ့၊ တခြားမဟာမိတ်တပ်ဖွဲ့တွေက ခုခံတိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။
အလားတူ ကယား(ကရင်နီ)ပြည်နယ်နဲ့ ရှမ်းပြည်နယ် ဖယ်ခုံမှာ အခြေချလှုပ်ရှားနေတဲ့ နွေးဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာလည်း စစ်ကောင်စီတပ်သား ဆယ်နဲ့ချီပြီး တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။