Home
မြန်မာသတင်း
ALP ပါတီ ထိပ်ပိုင်းခေါင်းဆောင်နှင့် သားဖြစ်သူကို AA ဖမ်းဆီး
DVB
·
August 4, 2022
ALP leader

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနဲ့ သားဖြစ်သူ အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင်တို့ကို ရက္ခိုင်တပ်တော် (ULA/AA) တပ်က ဩဂုတ် ၂ ရက် ညနေ ၆ နာရီလောက် စစ်တွေမြို့ရှိ နေအိမ်ကနေ ဖမ်းဆီးသွားတယ်လို့ ALP က ထုတ်ပြန်ထားပါတယ်။

အခုလိုဖမ်းဆီးတာဟာ ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိပါးစေပြီး ရခိုင့်တော်လှန်ရေးအဖွဲ့ အချင်းချင်းကြားမှာ လုံးဝမဖြစ်သင့်တဲ့ ဖြစ်ရပ်လို့ ရှုမြင်ကြောင်း၊ ရက္ခိုင်တပ်တော်က ဖမ်းဆီးထားတဲ့ ALP ပါတီက ခေါင်းဆောင်တချို့နဲ့ ပါတီဝင်ရဲဘော်တချို့ကို ဒီနေ့အချိန်ထိ ပြန်မလွှတ်ပေးသေးကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) တို့မှာ လူမျိုးတမျိုးတည်းဖြစ်ပြီး ပန်းတိုင်တခုတည်းကို ချီတက်နေကြတဲ့ အဖွဲ့အစည်းတွေဖြစ်ကြောင်း၊ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကာလမှာ ရခိုင့်တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်းကြား အခုလို ဖြစ်ပေါ်နေတာဟာ တိုင်းရင်းသားမဟာမိတ်တွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းအကြားမှာ ရခိုင့်လူမျိုးတွေရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် အမျိုးသားညီညွတ်ရေးကို ပျက်ပြားစေမယ့် မလိုလားအပ်တဲ့ လုပ်ဆောင်ချက်တွေကို ရှောင်လွှဲကြဖို့နဲ့ ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်း၊ အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင် အပါအဝင် အရင်က ဖမ်းဆီးခံထားရတဲ့ ပါတီခေါင်းဆောင်တွေနဲ့ ပါတီဝင်ရဲဘော်တွေကို ပြန်လွှတ်ပေးဖို့ အလေးအနက် တောင်းဆိုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဩဂုတ်လအတွင်းက ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီက တွဲဖက်အတွင်းရေးမှူး ခိုင်အောင်စိုးသန်းနဲ့ ခိုင်မျိုးဇံ အပါအဝင် ဆေးတပ်သား ၃ ဦးကို အေအေက ဖမ်းဆီးခဲ့ပြီး ဆယ်ရက်ကျော်ကြာမှ ပြန်လည် လွှတ်ပေးခဲ့ပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ အကူအညီနဲ့ ၁၉၆၈ ခုနှစ် နိုဝင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့ပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတခုလည်း ဖြစ်ပါတယ်။

ALP ဟာ အာဏာသိမ်းစစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့အပေါ်လည်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၂၉ ခုက ကန့်ကွက်မှုတွေ ရှိခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024