မြန်မာစစ်အာဏာရှင်တွေဟာ အကျဉ်းသားတွေကို ပိုမိုကွပ်မျက်မှုတွေလုပ်လာတယ်ဆိုရင် အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ သဘောတူထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ပြန်စဉ်းစားရတော့မှာဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က သြဂုတ် ၃ ရက်မှာ ပြောပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ဟာ အားလုံးရဲ့ ဆန္ဒအတိုင်း တိုးတက်မှုမရှိဘဲ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်တာအပါအဝင် တိုးတက်မှုတချို့တော့ ရှိခဲ့တယ်လို့ လက်ရှိအာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဟွန်ဆန်က ဆိုပါတယ်။
ဒါပေမဲ့ လက်ရှိအခြေအနေဟာ သိသိသာသာ ပြောင်းလဲသွားခဲ့ကာ ငြိမ်းချမ်းရေး သဘောတူညီချက် မရခင်ကထက် ပိုဆိုးရွားလာတာကို မြင်နေရပြီး ဒါဟာ တက်ကြွလှုပ်ရှားသူတွေကို စစ်အုပ်စုက ကွပ်မျက်လိုက်တာကြောင့် ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။
ဟွန်ဆန်က “ကွပ်မျက်ခံရဦးမယ့် အကျဉ်းသားတွေ ရှိနေသေးရင် အာဆီယံရဲ့ အချက်ငါးချက် သဘောတူညီချက်မှာ ကျနော်တို့ရဲ့ အခန်းကဏ္ဍတွေကို ပြန်စဉ်းစားမှာဖြစ်ကြောင်း” လည်း ပြောပါတယ်။
ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့ သေဒဏ်စီရင် ကွပ်မျက်မှုကို ပြန်လည်စဉ်းစားဖို့ မေတ္တာရပ်ခံ ပန်ကြားခဲ့ကြတာကိုတောင်မှ မြန်မာစစ်ကောင်စီက အတိုက်အခံပါတီ တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်ခဲ့မှုအပေါ် ကမ္ဘောဒီးယားနဲ့တခြား အာဆီယံအဖွဲ့ဝင်တွေက စိတ်ပျက်ပြီး ထိတ်လန့်ခဲ့ရကြောင်း ဟွန်ဆန်က ပြောသွားပါတယ်။
မြန်မာစစ်တပ်ကတော့ တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်တာဟာ ပြည်သူတွေအတွက် တရားမျှတမှုဖြစ်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က ကာကွယ်ပြောဆိုခဲ့ပြီး အနီးကပ်ဆုံး အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချမှုတွေကို ပယ်ချခဲ့ပါတယ်။