ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ် နယ်ခြားမှတ်တိုင် အမှတ် ၄၀၊ ၄၁ ကြား စစ်ကောင်စီနဲ့ အေအေတို့ သြဂုတ် ၂ ရက် မနက်တိုက်ပွဲအတွင်း စစ်တပ်က လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ကျရောက်မှာကိုစိုးရိမ်ပြီး ဘင်္ဂလားဘက်က နယ်စပ်ခြံစည်းရိုးတလျှောက် ကားလမ်းဖောက်လုပ်မှုတွေ ဒီနေ့စပြီး ယာယီရပ်နားထားတယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လမ်းဖောက်လုပ်နေတဲ့ တာဝန်ရှိသူတဦးက “ဟုတ်တယ်။ Border Point BP နယ်ခြားမှတ်တိုင် ၄၀ နဲ့ ၄၁ မှာ တိုက်ပွဲတွေ ဖြစ်လာတယ်။ မြန်မာစစ်တပ်က လက်နက်ကြီးတွေ ပစ်ခတ်တာရှိတော့ ဘင်္ဂလားနိုင်ငံဘက်က နယ်စပ်ခြံစည်းရိုးကိုကျော်ပြီး လက်နက်ကြီး ကျရောက်လာမှကို စိုးရိမ်တဲ့အတွက် လမ်းဖောက်နေတာတွေကို ဒီနေ့ကစပြီး ရပ်ထားလိုက်တယ်” လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြန်မာနယ်စပ်တလျှောက် အဆင့်မြင့်ခြံစည်းရိုး ကာရံထားတဲ့ တလျှောက်မှာ ကားလမ်းတွေဖောက်လုပ်နေပြီး နယ်စပ်တိုက်ပွဲတွေကြောင့် လမ်းဖောက်လုပ်တာကို ယာယီရပ်ဆိုင်းထားလိုက်တာလည်း ဖြစ်ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တွေအခြေစိုက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူတဦးက “မြန်မာဘက်က နယ်စပ်ကို စစ်အင်အားအလုံးအရင်းနဲ့ အင်အားဖြည့်နေတာကို တွေ့နေရတယ်။ မနေ့ကလည်း စစ်ကောင်စီနဲ့ အေအေ တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးပစ်ခတ်တာတွေ၊ နယ်ခြားအနီးအထိ ကျလာတွေကြောင့် နယ်စပ်တလျှောက် ကားလမ်းဖောက်လုပ်တဲ့လုပ်ငန်းတွေ ယာယီရပ်ထားတယ်” လို့ ပြောပါတယ်။
သြဂုတ် ၂ ရက် မနက် ၉ နာရီက ရက္ခိုင်တပ်တော် အေအေဘက်က နယ်ခြားမှတ်တိုင်အမှတ် ၄၀ နဲ့ ၄၁ ရှိ နယ်ခြားစောင့်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက မီးတိုက်ကျေးရွာရှိ အခြေစိုက်စခန်းမှ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။