တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပုဂေါဇွန်းရွာကို ဇူလိုင် ၃၁ ရက်ညက စစ်ကောင်စီတပ် ဝင်ရောက်ပြီးနောက် ရွာသားတချို့ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေပြီး သြဂုတ် ၂ ရက်မှာတော့ ပျောက်ဆုံးနေတဲ့ ကိုနေလင်းဇော် (ခ) ကိုဇော်သားနဲ့ ကိုထိန်ဝင်းတို့ နှစ်ဦးကို သေဆုံးလျက် ပြန်တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသားတဦးက “ပျောက်နေတဲ့နှစ်ယောက်ကိုတော့ ဒီနေ့ ရော်ဘာခြံတခုက ကျင်းတခုထဲမှာ ခေါင်းလိုက်တယောက်၊ ခြေလိုက်တယောက် မြှုပ်ထားတဲ့ပုံစံနဲ့ ပြန်တွေ့ရတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဇူလိုင် ၃၁ ရက် ညမှာပဲ စစ်ကောင်စီက ပုဂေါဇွန်းရွာရှိ နေအိမ်တချို့ကို ဝင်ရောက်စီးနင်းပြီး အသက် ၈၀ ဝန်းကျင်ရှိ ဦးကြည်မောင် အဖမ်းခံရကာ သူ့ရဲ့ သားမက်တော်စပ်သူ ဦးစောရှီကတော့ နေအိမ်မှာပဲ ပစ်သတ်ခံလိုက်ရပါတယ်။
ဦးစောရှီရဲ့ ရုပ်အလောင်းကိုလည်း ပုဂေါဇွန်းကျောင်းကြီးအနီးက ရာဘာခြံတခုမှာ မြှုပ်ထားတာတွေ့ရလို့ ပြန်တူးပြီး သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
အခုသတ်ဖြတ်ခံရသူတွေဟာ အန်အယ်လ်ဒီပါတီ ဝန်းရံသူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောနေပေမဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပုဂေါဇွန်းရွာမှာ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေသူ ၅ ဦး၊ ၆ ဦးခန့်ရှိပြီး အခုပြန်တွေ့တဲ့ ၂ ဦးဟာ သေဆုံးလျက် ပြန်တွေ့ခဲ့တာဖြစ်လို့ ကျန်နေတဲ့သူတွေအတွက် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
အခုနှစ်ဆန်းပိုင်းကလည်း ပုဂေါဇွန်းရွာသားတဦးကို အရပ်ဝတ်နဲ့ လက်နက်ကိုင် ပျူစောထီးတွေက နေအိမ်မှာ လာရောက်သတ်ဖြတ်ပေမဲ့ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဇွန် ၁၅ ရက်မှာ ဧကနိရွာက လူငယ်နှစ်ဦးကို စွန်ရဲအဖွဲ့က ပစ်သတ်ပြီး လမ်းပေါ်ပစ်ချခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။