မုံရွာမြို့ လယ်တီရပ်ကွက်မှာရှိတဲ့ စစ်အုပ်စုပိုင် Mytel ရုံးကို ဩဂုတ် ၂ ရက်နေ့ နေ့လယ် ၂ နာရီခွဲလောက် ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းကာ Wifi စက်တွေနဲ့ လုပ်ငန်းသုံးပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) က ထုတ်ပြန်ထားပါတယ်။
ဝင်ရောက်စီးနင်းရာမှာ ရုံးထဲမှာရှိတဲ့ Wifi စက် အလုံး ၁၀၀၊ Routers စက် ၄ လုံး၊ လိုင်းဖြတ်စက် ၄ လုံး၊ laptop ၄ လုံး၊ လုပ်ငန်းဆိုင်ရာ စာရွက်စာတန်းတွေနဲ့ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်လက်တွေကို သိမ်းဆည်းရမိခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးက “ရပ်ကွက်ထဲ လူသိမခံဘဲ ခိုးဖွင့်ထားတဲ့ ရုံးပါ။ ကျနော်တို့ စောင့်ကြည့်နေခဲ့သေးတယ်။ သေချာပြီဆိုမှ ဝင်ရောက်စီးနင်းတာပါ။ အကြမ်းဖက်စစ်အုပ်စုရဲ့ ထောက်တိုင်မှန်သမျှ တိုက်ခိုက်ဖြိုလှဲသွားမယ်လို့ ထုတ်ပြန်ထားပြီးသားဖြစ်ပါတယ်။ ဒါ့ကြောင့် အကြမ်းဖက်စစ်အုပ်စုကို သက်ဆိုးရှည်စေတဲ့ စီးပွားရေးတခုဖြစ်တဲ့ Mytel ကို တိုက်ခိုက်ရတာ” လို့ ပြောပါတယ်။
ရုံးအတွင်းကို ဝင်ရောက်စီးနင်းစဉ် Mytel ကုမ္ပဏီနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပေမယ့် ဝန်ထမ်းတွေကိုတော့ နောက်နောင် ပါဝင်ပတ်သက်ခြင်းမပြုကြဖို့ သတိပေးခဲ့တယ်လို့ ဆိုပါတယ်။
Metel ရုံးဝင်ရောက်စီးနင်းမှုကိုတော့ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) မုံရွာခရိုင် အမှတ် (၁) တပ်ရင်း၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့ကလည်း မုံရွာမြို့၊ မြဝတီရပ်ကွက် ကျောက္ကာလမ်းဘေးရှိ Mytel ကုမ္ပဏီရုံးအား လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြို့ပြပြောက်ကျားတပ်ဖွဲ့က ၄၀-မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။