ပြည်တွင်းမှာ ဆန်ရှားပါးပြီး ဈေးနှုန်း စံချိန်တင်မြင့်တက်နေပေမဲ့ ဇူလိုင်လမှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတင်ပို့မှုက အရင်လတွေထက် ပိုမြင့်တက်နေပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ တင်ပို့မှုစာရင်းတွေအရ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတန်ချိန် တသိန်းရှစ်သောင်းကျော် တင်ပို့နိုင်ခဲ့ပြီး ဇွန်လက တင်ပို့မှုတွေထက် တန်ချိန် လေးသောင်းဝန်းကျင် ပိုမိုတိုးတက် တင်ပို့နိုင်ခဲ့ပါတယ်။
ပုံမှန်အားဖြင့် ပွင့်လင်းရာသီကာလတွေဖြစ်တဲ့ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာကနေပြီးတော့ မတ်၊ ဧပြီ၊ မေလတွေမှာ ပြည်ပတင်ပို့မှုများတတ်ပြီး ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတွေဟာ ဆန်ပြည်ပတင်ပို့မှု သာမန်အချိန်တွေထက် လျော့နည်းတတ်ပေမဲ့ ဇူလိုင်လမှာ အရင်လတွေထက် တင်ပို့မှု အနည်းငယ် တိုးတက်လာတာ ဖြစ်ပါတယ်။
ပြည်ပ ဆန်နဲ့ ဆန်ကွဲတင်ပို့မှုကို ပြန်ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ အောက်တိုဘာလမှာ တန်ချိန် နှစ်သိန်းတသောင်းကျော်၊ နိုဝင်ဘာလမှာ တန်ချိန် နှစ်သိန်းရှစ်သောင်းကျော်၊ ဒီဇင်ဘာလမှာ တန်ချိန် သုံးသိန်းကျော်၊ ဇန်နဝါရီလမှာ တန်ချိန် နှစ်သိန်းခုနှစ်သောင်းဝန်းကျင်၊ ဖေဖော်ဝါရီလမှာ တန်ချိန် နှစ်သိန်းတသောင်းကျော်၊ မတ်လမှာ တန်ချိန် တသိန်းသုံးသောင်းကျော်၊ ဧပြီလမှာ တန်ချိန် နှစ်သိန်းခွဲကျော်၊ ဇွန်လမှာ တန်ချိန် တသိန်းလေးသောင်းကျော်၊ မေလမှာ တန်ချိန်တသိန်းခွဲကျော် အသီးသီးရှိခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လမှာတော့ တန်ချိန် တသိန်းရှစ်သောင်းကျော် ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့ လစဉ် ပျမ်းမျှ တန်ချိန် နှစ်သိန်း ပြည်ပကို တင်ပို့နိုင်ဖို့ ရည်မှန်းထားပြီး လက်ရှိဘဏ္ဍာနှစ်အတွင်း တန်ချိန် နှစ်သန်း တင်ပို့နိုင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။
လတ်တလော ပြည်တွင်းမှာတော့ ဆန်ရှားပါးပြီး ဝယ်လိုအားများနေတာကြောင့် ဆန်ချောရော ဆန်ကြမ်းစျေးနှုန်းပါ စေျးနှုန်းဆက်တိုက်မြင့်တက်နေပါတယ်။ အဲဒီလို စျေးနှုန်းမြင့်တက်နေပေမဲ့ ပြည်တွင်းမှာ ဆန်အလုံအလောက်ရှိတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူက ပြောဆိုထားပါတယ်။