Home
မြန်မာသတင်း
အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အတွက် မြွေဆိပ်ဖြေဆေး ၇၅ လုံးစာ လှူဒါန်း
DVB
·
August 2, 2022
296804983_2980940768793253_8756943823311355126_n

အရေးပေါ်မြွေဆိပ်ဖြေဆေး အလုံး ၃၀ အလှူခံခဲ့တဲ့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ၂ ရက်အတွင်း ဒေသအစုံက ပြည်သူတွေက မြွေဆိပ်ဖြေဆေး ၇၅ လုံးစာ အလှူငွေ လှူဒါန်းပေးခဲ့ကြတယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဩဂုတ် ၁ ရက် ညနေက ထုတ်ပြန်ကြေညာပါတယ်။

“အရေးပေါ်မြွေဆိပ်ပြေထိုးဆေး ၃၀ လုံးသာ အကူအညီတောင်းခံထားခဲ့‌ပေမဲ့ ‘တော်လှန်ပြည်သူ ထောက်ပို့ရဲဘော်’ တွေရဲ့ အားတက်သရော ပါဝင်ထောက်ပို့မှုကြောင့် အလုံးရေ ၇၅ လုံးစာ၊ ငွေအားဖြင့် ကျပ် ၂,၆၅၂,၅၀ဝိ တိတိ လက်ခံရရှိခဲ့ပါတယ်ခင်ဗျာ” လို့ ဆိုပါတယ်။

အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ ရဲဘော်တွေအတွက် အသင့်ဆောင်ထားဖို့ အရေးပေါ် မြွေဆိပ်‌ပြေဆေး လှူဒါန်းပေးဖို့ ဇူလိုင် ၃၁ ရက်က အကူအညီ တောင်းခံခဲ့တာ ဖြစ်ပါတယ်။

မြွေဆိပ်ဖြေဆေး အလုံး ၃၀ စာ၊ တလုံးချင်းတန်ဖိုး ၃၅,၀၀၀ ကျပ်နဲ့ မျှော်မှန်းပမာဏ ၃၀ လုံးစာအတွက် တန်ဖိုးငွေကျပ် ၁,၀၅၀,၀၀၀ ကို လှူဒါန်းပေးဖို့ ပြည်သူတွေဆီ အကူအညီတောင်းခံခဲ့တာပါ။

မြွေကိုက်ခံရပါက မြွေဆိပ်ဖြေဆေး ၅ လုံးကနေ ၁၀ လုံးကြား ထိုးရတတ်ပြီး တခါတလေ ၂ လုံး၊ ၃ လုံးသာ ထိုးရတတ်တယ်လို့ သိရပါတယ်။

အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံက “နေရာဒေသအစုံက ထောက်ပို့ပြည်သူ ၂၆ ယောက်က အဓိက လှူဒါန်းပေးကြတာပါ။ ဒီအချိန်က ပြည်သူလည်း ပင်ပန်းတော့ ငါတို့ အနည်းဆုံးအရေအတွက်ပဲ အလှူခံမယ်ပေါ့နော်။ ကျနော်တို့ အလုံး ၃၀ စာ အလှူခံထားတာတောင် များသွားမလား ဆိုပြီးတော့ စိုးရိမ်ခဲ့တာပေါ့နော်။ ဒါပေမဲ့ ပြည်သူတွေက ပါဝင်ထောက်ပို့ကြတယ်။ အလုံးရေပြည့်သွားပါပြီ ပြောတာတောင်မှ လှူမယ်ပေါ့နော်။ နောက်လိုတဲ့ဟာသုံး ဆိုပြီးတော့ လာလှူကြတာ ရှိပါတယ်။ အဲ့အတွက် အများကြီးဝမ်းသာပါတယ်” လို့ ပြောပါတယ်။

အရာတော်မြို့နယ်ဟာ စပါးစိုက်ပျိုးတဲ့မြို့နယ်ဖြစ်ပြီး အရာတော်မြို့နယ် မြောက်ခြမ်းဟာ မြစ်နဲ့ထိစပ်နေတာကြောင့် မြွေပိုမိုပေါများကာ သဲမြွေပွေး၊ မျက်လျှော၊ မြွေစိမ်းခေါင်းပြား၊ မြွေဟောက်၊ ငန်း စတဲ့မြွေတွေ ပေါများပါတယ်။

စစ်ကောင်စီတပ်ဟာ ညဘက်မှာ စစ်ကြောင်းထိုးလာပါက ပြည်သူတွေအနေနဲ့ ညဘက် တောထဲကို ထွက်ပြေးတိမ်းရှောင်ကြရပြီး ခြုံထူတဲ့ အညာတောတွေမှာ ပြောက်ကျားလှုပ်ရှားနေတဲ့ ရဲဘော်တွေအတွက် အရေးပေါ် မြွေဆိပ်ဖြေဆေးတွေ အသင့်ဆောင်ထားနိုင်ဖို့ မြွေဆိပ်ဖြေဆေး အလှူခံခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ မျှော်မှန်းတာထက် ပိုမိုရရှိတဲ့အတွက် ကျနော်တို့ တကယ်လို့ ဝယ်ယူရရှိပြီးခဲ့လို့ရှိရင် ရဲဘော်တွေတင်မကဘဲ ပြည်သူတွေအတွက်ပါ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ထိစပ်မြို့နယ်တွေက အကူအညီလာတောင်းတဲ့ အခါမျိုးမှာလည်း ကျနော်တို့ ကူညီနိုင်အောင် ကြိုးစားသွားပါ့မယ်။ ပြီးလို့ရှိရင် ဒီလို ဝိုင်းဝန်းထောက်ပို့ကြတဲ့အတွက်လည်း အများကြီး ဝမ်းသာမိပါတယ်ခင်ဗျ။ နောက် လိုအပ်လာလို့ရှိရင်လည်း ကူညီထောက်ပို့ကြဖို့ အကူအညီတောင်းချင်ပါတယ်” လို့ ပြောပါတယ်။

ပါဝင်ထောက်ပို့လှူဒါန်းခဲ့ကြတဲ့ တော်လှန်ပြည်သူတယောက်ချင်းစီကို အရာတော်မြို့နယ် တော်လှန်ရေးရဲဘော်‌တွေအားလုံးကိုယ်စား အထူးကျေးဇူးတင်ရှိအပ်ပါတယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဩဂုတ် ၁ ရက် ညနေက ထုတ်ပြန်ကြေညာပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024