ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ပြောက်ကျားတပ်ဖွဲ့ဝင်တယောက် ဖမ်းဆီးခံရပြီးနောက်ပိုင်း ဒေသခံပြည်သူ ၁၀ ယောက်ကို စစ်ကောင်စီက စွပ်စွဲဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အခုလိုဖမ်းဆီးခံရတဲ့ ပြည်သူတွေဟာ မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ မသက်ဆိုင်ကြောင်း စာထုတ်ပေးထားတယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ပုသိမ်မြို့ပေါ်မှာ ဖမ်းဆီးနေတာတွေနဲ့ ပတ်သက်ပြီး တော်တော်စိတ်မကောင်းဖြစ်မိတယ်။ ဒီဖြစ်ရပ်ဟာ တော်တော်ကိုလူမဆန်စွာလုပ်တဲ့ဖြစ်ရပ်လို့ ပြောချင်တယ်။ လူတစ်ယောက်ဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ်။ သူအသုံးပြုတဲ့ အွန်လိုင်းဖြစ်ဖြစ် တခြားအရာတွေဖြစ်ဖြစ်ပေါ့။ ဒါကိုမှ အသုံးပြုတာတွေ စောင့်ကြည့်ပြီး သံသယနဲ့ လိုက်ဖမ်းတာ အင်မတန်မှ လူမဆန်စွာလုပ်တယ် ထင်မြင်မိပါတယ်။”
အဖမ်းခံရတဲ့ ပြည်သူတွေအတွက်လည်း လွန်စွာစိတ်မကောင်းဖြစ်မိသလို ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီကိုတော်လှန်နေချိန်ဖြစ်တာမို့ စွပ်စွဲဖမ်းဆီးမခံရဖို့အတွက် လုံခြုံရေးကိုအထူးဂရုစိုက်ဖို့လည်း တိုက်တွန်းထား ပါတယ်။