မကွေးမြို့ မြို့မစျေးမှာ ဇူလိုင်လ ၃၁ ရက်နေ့ မနက်ပိုင်းက သံပုံးတီးပြီး လူထုသစ္စာအဓိဌာန်ပြုလုပ်ခဲ့တဲ့ ပျံကျစျေးသည်တွေကို စစ်အုပ်စုက သြဂုတ်လ ၁ ရက်နေ့မှာ မောင်းထုတ်ခဲ့ကြတယ်လို့ မကွေးမြို့ ဒေသခံတွေက ပြောပါတယ်။
မကွေးမြို့မစျေးကို သြဂုတ် ၁ ရက်နေ့မနက်ပိုင်းမှာ စစ်ကား၊ ရဲကားတွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး နှင်ထုတ်ခဲ့တာလို့ မကွေးမြို့ ဒေသခံတယောက်က ဒီဗွီဘီကိုပြောပါတယ်။
“အဲဒီစစ်သားတွေ၊ ရဲတွေက သံပုံးစတီးတာ ဘယ်သူလည်းမေးတော့ ဖြေမယ့်သူမရှိလို့ အကုန်အနှင်ခံရတာ။ မြို့မစျေးရုံကြီးက စျေးသည်တွေကတော့ မပါဘူး။ ကတ္တရာလမ်းဘေး မှချပြီးရောင်းနေတဲ့ ပျံကျစျေးသည်တွေကတော့ ဒီမောင်းထုတ်ခံရပြီး နောက်နေ့ကစလို့ တယောက်မှမထွက်ရတော့ဘူး။”
မကွေးမြို့မှာ စစ်တပ်အာဏာသိမ်းပြီး လူထုသပိတ်တွေ၊ သံပုံးတီးသပိတ်တွေ ၂ လလောက် ပြုလုပ်ခဲ့ပြီး နောက်ပိုင်းမှာ အသံတိတ်သပိတ်တွေ ပြုလုပ်ခဲ့တယ်။ အသံတိတ်သပိတ်ပြုလုပ်တဲ့ ၂ ကြိမ်လုံးမှာလည်း လမ်းပေါ်မှာ လူမရှိတဲ့အပြင် ဆိုင်တွေအားလုံးပိတ်ပြီး ညီညီညွတ်ညွတ်ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲကို မကွေးမြို့မစျေးတခုတည်းပြုလုပ်ပြီး ကျန်တဲ့စျေးတွေ၊ ရပ်ရွာတွေမှာ မပြုလုပ်ဘဲ တနေရာတည်းပြုလုပ်တဲ့အခါကျတော့ ပိုပြီးအဖိခံလိုက်ရတာလို့ ဒေသခံက ပြောပါတယ်။
မကွေးမြို့ပေါ်မှာတော့ ဇူလိုင် ၃၁ ရက်နေ့က ရဲအင်အားအများအပြားချထားပြီး စစ်တပ်ကတော့ နေရာ ၅ ခုလောက်မှာ နေရာယူထားကြောင်း၊ မြို့ဝင်မြို့ထွက် ဂိတ်တွေမှာတော့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လက်ကိုင်ဖုန်းတွေကို အစစ်ဆေးကြမ်းတာ ၃ ရက်လောက်ရှိပြီလို့ ဆိုပါတယ်။
မကွေးမြို့မစျေး ပျံကျစျေးသည်တွေကို အကန့်အသတ်မရှိ စျေးလာမရောင်းဖို့ နှင်ထုတ်လိုက်တဲ့ အပေါ် မကွေးလူထုတိုက်ပွဲကော်မတီရဲ့ ဦးဆောင်သူ ကိုချစ်ဝင်းမောင်က “ဒီကိစ္စကို ကြားသိရတဲ့ အချိန်မှာ ကျနော်တို့ ခံစားမိတာကတော့ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေ အကုန်လုံးဟာ အာဏာရှင်ကို ရရာနည်းလမ်း နဲ့ တော်လှန်နေကြတယ်။ ဒီလိုတော်လှန်နေကြတဲ့ အခင်းကျင်းမှာလည်း မကွေးလူထုအနေနဲ့ ရရာကဏ္ဍကနေ ပါဝင်နေတယ်ဆိုတာ ကျနော်တို့ သိရလို့ အင်မတန်မှ အားရှိ ပီတိဖြစ်ပြီး ဂုဏ်ယူနေရတယ်။ အာဏာရှင်ရှိနေသရွေ့ကတော့ ကျနော်တို့ စျေးရောင်းချင်တဲ့နေရာတွေမှာ လွတ်လွတ်လပ်လပ်ရောင်းခွင့်၊ လုပ်လို့ရတဲ့ အလုပ်တွေကို လွတ်လွတ်လပ်လပ်လုပ်ကိုင်ဆောင်ရွက်ခွင့်တွေ လုံးဝရှိမှာမဟုတ်ပါဘူး။ အဲဒီတော့ ကျနော်တို့ရဲ့ လွတ်လပ်ခွင့်တွေ၊ လူ့ဂုဏ်သိက္ခာတွေ၊ ရပ်တည်ခွင့်တွေ အကုန်လုံးကို ပြန်ရဖို့ဆိုရင် ကျနော်တို့ရဲ့မြေပေါ်ကနေ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်မောင်းထုတ်မှရပါလိမ့်မယ်။ ဒါကြောင့်မို့လို့ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေသာမက မကွေးဒေသမှာရှိတဲ့ လူထုတွေ အကုန်လုံးကလည်း ရှေ့ဆက်ပြီးတော့ စစ်အာဏာရှင်ကို စုစုစည်းစည်းနဲ့ တော်လှန်ကြပါလို့ တိုက်တွန်းလိုတယ်။”
ဇူလိုင် ၃၁ ရက်နေ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာတော့ မကွေးတိုင်းဒေသကြီးအပါဝင် နိုင်အနှံအပြားက တော်လှန်ရေးအင်အားစုတွေအပါဝင် နိုင်ငံတကာကိုရောက်ရှိနေတဲ့ ပြည်သူတွေဟာ လူထုသစ္စာအဓိဋ္ဌာပြုပွဲကို တပြိုင်တည်း ကျင်းပပြုလုပ်ခဲ့ကြပါတယ်။