စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်က တင်းတိမ်ရံကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ၄ ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်အပါဝင် ကျေးရွာဈေးဆိုင်ခန်း စုစုပေါင်း ၃၀၀ ကျော် ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ ဇူလိုင် ၂၈ ရက်နေ့ကစတင်ကာ တင်းတိမ်ရံကျေးရွာထဲကို ပစ်ခတ်ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဇူလိုင် ၃၁ ရက်အထိဆက်တိုက် မီးရှို့ခဲ့ရာမှာ ဈေးဆိုင်ပေါင်း ၂၂၀ ကျော်၊ အိမ်ခြေ ၁၀၀ ကျော်နဲ့ ဆန်စက် ၄ လုံးတို့ ဆုံးရှုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံကျေးရွာသားတဦးက"၂၈ ရက်နေ့ကစပြီး ကုန်းသာရွာဘက်မှာရော မြို့ကြီးနဲ့ ပေါက်တောရွာကြားမှာပါ။ စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တွေတိုက်ပွဲဖြစ်တယ်။ အဲ့နေ့ကစပြီး ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်နေတာ။ စစ်ကောင်စီတပ်ဖွဲ့တွေ အထိခိုက်အသေပျောက်များတယ်လို့ သိရတယ်။ အဲ့ဒီလို အထိနာလာတော့ ပြည်သူကိုမဲလာတာ။ ကြွက်မနိုင် ကျီမီးနဲ့ရှို့ဆိုတဲ့ ဗမာစကားပုံလိုပဲ၊ အခုလဲ ရွာအိမ်ခြေတွေရော၊ ဈေးထဲက ဆိုင်ခန်းတွေပါ အကုန်မီးရှို့ခံလိုက်ရပြီ။ ဒေသခံကျေးရွာပြည်သူတွေလဲ အကုန်ထွက်ပြေးနေကြရတယ်။ တင်းတိမ်ရံမှာက အိမ်တွေရှို့ပြီး ဈေးဆိုင်ခန်းတွေရောပါ မီးရှို့သွားတာ။ အဖိုးတန်ပစ္စည်းမှန်သမျှ အကုန်ယူသွားတယ်။ မသယ်နိုင်တဲ့ပစ္စည်းကြတော့ မီးရှို့သွားတယ်" လို့ ပြောပါတယ်။
တင်းတိမ်ရံကျေးရွာနဲ့ အနီးဒေသကျေးရွာတွေက ပြည်သူတွေဟာ တင်းတိမ်ရံဈေးကို မှီခိုအားထား လုပ်ကိုင်စားသောက်နေကြရတာဖြစ်ပြီး အခုလို မီးရှို့ခံရတဲ့အတွက် အခက်ခဲတွေနဲ့ ကြုံတွေ့နေကြရပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကစပြီး ဒီနေ့ချိန်ထိ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ အိမ်ခြေပေါင်း ၁၇၀၀၀ ကျော်ပြီလို့ အရပ်ဘက်အဖွဲ့စည်းတွေက ပြောပါတယ်။