ဂျပန်နိုင်ငံက ထိပ်တန်းနာမည်ကြီးတက္ကသိုလ်တွေဖြစ်တဲ့ Meiji University နဲ့ Sophia University တို့မှ ကျောင်းသားကျောင်းသူတွေက မြန်မာလူငယ်များအဖွဲ့နဲ့ ပူးပေါင်းပြီး စစ်ဘေးရှောင် တိုင်းရင်းသားပြည်သူတွေအတွက် တိုကျိုမြို့ရဲ့ လူစည်ကားရာ ဂျီယူဂအိုခ ဘူတာရှေ့မှာ ဇူလိုင် ၃၁ ရက်က အလှူငွေကောက်ခံခဲ့ကြပါတယ်။
မြန်မာပြည်သူတွေ စစ်ကောင်စီလက်အောက်မှာ နေ့စဉ် အကြမ်းဖက် သတ်ဖြတ်ခံနေရပြီး ဒုက္ခရောက်နေရတာတွေ ကြားသိရလို့ အခုလို လာရောက်ပူးပေါင်းခဲ့တာပါလို့ မေဂျီတက္ကသိုလ်မှ တတိယနှစ်ကျောင်းသားတဦးက ဒီဗွီဘီကို ပြောပါတယ်။
မအင်ကြင်း လို့ မြန်မာအမည်ခံယူထားသူ Sophia တက္ကသိုလ်မှကျောင်းသူတဦးကလည်း “မြန်မာပြည်သူတွေ အားတင်းထားပါ။ မိမိတဦးတည်း မဟုတ်ကြပါဘူး၊ အားမလျော့ကြပါနဲ့ စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်အောင် ကမ္ဘာ့ပြည်သူတွေနဲ့အတူ ပူးပေါင်းတွန်းလှန်ကြရအောင်”လို့လည်း မြန်မာပြည်သူတွေကို သတင်းစကားပါးလိုက်ပါသေးတယ်။
မြန်မာလူငယ်အဖွဲ့မှ မသိရီသစ္စာက “မြန်မာနိုင်ငံကို မမေ့လျော့ပါဘူးလို့ အဓိပ္ပာယ်ရတဲ့ ဆိုင်းဘုတ်ကို ကိုင်စွဲပြီး မြန်မာလူငယ်အဖွဲ့နဲ့ ပူးပေါင်းအလှူငွေကောက်ခံခဲ့တာ ယန်း ၃ သိန်းနီးပါး (မြန်မာငွေ ကျပ်သိန်း ၅၀ ခန့် ကောက်ခံရရှိကာ) ရရှိခဲ့တယ်။ အလှူငွေတွေ အားလုံးကို NUG အသိအမှတ်ပြုထားတဲ့ မှန်ကန်တဲ့ အဖွဲ့အစည်းတွေကနေတဆင့် ကရင်နီဒေသသို့ ပေးပို့လှူဒါန်းသွားမှာ ဖြစ်ပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
ဂျပန်ရောက်မြန်မာနိုင်ငံသားတွေဟာ အကြမ်းဖက်စစ်ကောင်စီအောက်က လွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ပုံစံအမျိုးအမျိုးနဲ့ ဆောင်ရွက်နေကြသလို စစ်ဘေးရှောင်ဒုက္ခသည်တွေအပြင် မြန်မာပြည်သူတွေအတွက် လူစည်ကားရာနေရာတွေမှာ အလှူငွေကောက်ခံနေကြတာ ဖြစ်ပါတယ်။