စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ဘောလုံးကွင်းအတွင်းရှိ စစ်ကောင်စီတပ်တွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဇူလိုင် ၂၉ ရက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား လေးယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာရသွားတယ်လို့ Farmers Revolution Force က ဒီဗွီဘီကို ပြောပါတယ်။
ချောင်းဦးမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ ချောင်းဦးဘောလုံးကွင်းအတွင်းမှာ ပြင်ဆင်နေတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
Farmers Revolution Force ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံက “မုံရွာနမခကနေပြီးတော့ စစ်ကား ၇ စီးအင်အားအပြည့်နဲ့ ချောင်းဦးမြို့နယ်ကို လာတာပေါ့လေ။ ချောင်းဦးမြို့နယ် ဘောလုံးကွင်းထဲမှာ အင်အားတွေစုကြတာပေါ့ သူတို့က စုဝေးပြီးတော့ စစ်ကြောင်းထိုးမှာပေါ့လေ။ ကျနော်တို့ ချောင်းဦးမြို့နယ်ကို စစ်ကြောင်းထိုးမယ်လို့ စုံစမ်းသိရှိရတဲ့ အခါကျတော့ စစ်ကောင်စီတပ် စုဝေးနေတဲ့နေရာကိုဒရုန်းနဲ့ ချလိုက်တော့ လေးကောင်သေတယ်။ သုံးကောင်ကတော့ ခြေပြတ်လက်ပြတ်တွေ ဖြစ်သွားတယ်။ ကျန်တဲ့အထိအခိုက်တွေတော့ ရှိတယ်” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Farmers Revolution Force- CHU က ဦးဆောင်ပြီး We must win အဖွဲ့နဲ့ ဒေသခံ PDFအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြတာလို့ သိရပါတယ်။
အခုလို တိုက်ခိုက်ခံရအပြီးမှာ စစ်ကောင်စီတပ်ဟာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အနီးဝန်းကျင်ကို ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်ဖြစ်ခဲ့ရပါတယ်။
Farmers Revolution Force သတင်းပြန်ကြားရေးတာဝန်ခံက “သူတို့က ထင်တဲ့နေရာတွေ လိုက်ပစ်တာပေါ့လေ။ အဲအချိန်မှာ မုံရွာကနေပြီးတော့နာရေးကား ၂ စီး အမြန်မောင်းလာပြီးတော့ စစ်ကောင်စီတပ်ရဲ့ ဒဏ်ရာရတဲ့သူတဲ့လူတွေကို ပြန်သယ်ဆောင်သွားတယ်။ သယ်ဆောင်သွားပြီး မပြီးသေးဘူး သူတို့က အဲ့နေရာအနီး တဝိုက်ကို စစ်ကြောင်းတွေထိုးတယ်။ ကင်းပုန်းတွေဝတ်တယ်” လို့ ပြောပါတယ်။
ချောင်းဦးမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ စစ်ကား ၇ စီးမှာ ကားတစီးကို စစ်ကောင်စီတပ်သား အယောက် ၂၀ ကျော် ၂၅ ယောက်လောက်ပါဝင်ပြီး စုစုပေါင်း စစ်ကောင်စီတပ်အင်အား ၁၀၀ လောက်ရှိနိုင်တယ်လို့ လည်း ခန့်မှန်းပါတယ်။