Home
မြန်မာသတင်း
ကံပေါက်ဒေသ တည်းခိုခန်းတခုတွင် မပေါက်ကွဲသေးသည့် မိုင်းတွေ့ရှိ
DVB
·
August 1, 2022
296156794_1082666942625835_5753099445325776975_n

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ ရွာပတ်လမ်း(ရတနာလမ်း) ရှိ ရွှေလိပ်ပြာတည်းခိုခန်းမှာ ဇူလိုင် ၃၁ ရက် ညနေပိုင်းက သန့်ရှင်းရေးပြုလုပ်စဉ် မပေါက်ကွဲသေးတဲ့ မိုင်းတလုံး တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းတွေ့ရှိပြီးနောက် မောရဝတီရေတပ်မှ စစ်ကောင်စီတပ်သားတွေ ရတနာလမ်းမပေါ် နေရာယူပြီး အစစ်အဆေးတင်းကျပ်စွာ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

“ရွာပြင်လမ်းက အိမ်တွေအကုန် အိမ်ရှေ့ခြုံရှင်းပေးရမယ်လို့ ပြောထားတယ်။ အခုလည်း လမ်းပေါ်မှာ ဆိုင်ကယ်စီးလာတဲ့လူငယ်တွေ အဓိကထား စစ်နေတယ်” လို့ ရတနာလမ်းမှာနေထိုင်တဲ့ ကံပေါက်ရွာသားတဦးက ပြောပါတယ်။

အခုမိုင်းတွေ့ရှိတဲ့ တည်းခိုးခန်းဟာ စစ်အာဏာသိမ်းပြီးနောက် ကံပေါက်ကျေးရွာရဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအဖြစ် ရက်သတ္တပတ် အနည်းငယ်တာဝန်ယူခဲ့ကာ နုတ်ထွက်ထားတဲ့ ဦးစိန်ထွန်းအောင်(ခ) ဦးဖိုးကုလား ပိုင်ဆိုင်တာဖြစ်ပြီး အခု မိုင်းတွေ့ရှိတာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ကံပေါက်ဒေသမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်ကလည်း ကံပေါက်အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ ၂၇၃ အနီးက သံတံတားမှာ မပေါက်ကွဲသေးတဲ့ မိုင်းတွေ့ရှိခဲ့ရပြီး ဒေသခံရွာသားတွေရဲ့ နေအိမ် ၅ အိမ်ထက်မနည်း စစ်ကောင်စီတပ်သားတွေရဲ့ ဝင်ရောက်ရှာဖွေခံခဲ့ရတဲ့အတွက် အခု ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024