စစ်ကိုင်းတိုင်း ကလေးမြို့နယ်ရှိ ကလေး - တမူးလမ်းပိုင်းမှာ ဇူလိုင် ၃၀ ရက်က စစ်ကောင်စီ ယာဉ်တန်း ၃ ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကား ၃ စီးပျက်စီးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးလောက် သေဆုံးသွားခဲ့တယ်လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ People's Defence Force - Kalay က ထုတ်ပြန်ထားပါတယ်။
စစ်ကား ၄ စီးနဲ့ ၁၂ ဘီးကား ၁ စီးပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းဟာ ကလေးမြို့ကနေ တမူးမြို့ကို ဦးတည်သွားလာရာမှာ ၅၆ မိုင်အနီး မနက် ၉ နာရီလောက် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“တမူးဘက်ကို ရိက္ခာနဲ့တပ် အင်အားဖြည့်တဲ့ကားလို့ ယူဆရတယ်။ သုံးကြိမ်ခွဲပြီး တိုက်ခိုက်ခဲ့တာပါ။ ရန်သူ့ဘက်က ပစ်ခတ်တာတွေတော့ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ တပ်ဖွဲ့တွေ ဘက်ကတော့ အထိအခိုက် တစုံတရာ မရှိခဲ့ပါဘူး။”
အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းဟာ တမူးမြို့ကို ဆက်လက်ထွက်ခွာလာရာ မနက် ၉ နာရီခွဲလောက် နေကျော်လေးအနီးအရောက်မှာ ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်ကား ၃ စီး ထိမှန်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်လောက် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေ့လယ် ၁ နာရီလောက်မှာ ကလေးမြို့ဘက်မှ ကား ၂ စီးနဲ့ လာရောက်ကာ မိုင်းထိမှန် ပျက်စီးသွားတဲ့ ကားတွေကိုဆွဲယူပြီး အလောင်းသယ်ယူနေစဉ် ထပ်မံမိုင်းဆွဲခံရတာကြောင့် နေရာမှာတင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးလောက် သေဆုံးကာ အများပြားဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းတွေနဲ့ ဒဏ်ရာရရှိသွားသူတွေကိုတော့ ၁၂ ဘီးကားနဲ့ ကလေးမြို့ကိုသယ်ယူသွားပြီး ကျန်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကတော့ တမူးမြို့ကို ဆက်လက်ဦးတည်ထွက်ခွာသွားကြတယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၅၆ မိုင်ရှိ နှင်းဆီခြံနားက ပြည်သူ ၃ ဦးနဲ့ နေကျော်လေးအနီး လမ်းဘေးစားသောက်ဆိုင်မှ ပြည်သူတချို့ကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဇူလိုင် ၂၈ ရက် နေ့လယ်ပိုင်းကလည်း တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁)က တမူး-အောင်ဇေယျကားလမ်းပိုင်းမှာ နယ်မြေလုံခြုံရေးလုပ်ငန်းဆောင်ရွက်နေစဉ် တမူးမြို့နယ် မြို့သစ်မြို့ရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ် ဇော်မင်းထွန်း(ခ)ဖိုးဇော်ပိုင်တဲ့ မော်တော်ယာဉ်တစီးကို သိမ်းယူခဲ့တယ်လို့ တမူးPDF တပ်ရင်း ၁ က ထုတ်ပြန်ပါတယ်။
မော်တော်ယာဉ်ဟာ လိုင်စင်မဲ့ယာဉ်ဖြစ်ပြီး အများပြည်သူဆီကနေ မတရား ငွေညှစ်တောင်းခံတာ၊ သစ် ကျွဲ နွား မူးယစ်ဆေးဝါး ရောင်းဝယ်လုပ်ကိုင်သူတွေတွေဆီက ဆက်ကြေး၊ လိုင်းကြေးကောက်ခံ ရရှိငွေတွေနဲ့ ဝယ်ယူပိုင်ဆိုင်ထားတာဖြစ်ပြီး ဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရ သိမ်းဆည်းခဲ့တယ်လို့တမူး PDF က ပြောပါတယ်။
နောက်နောင်မှာ တမူး-အောင်ဇေယျကားလမ်းပိုင်းအတွင်း မိမိတို့ ထုတ်ပြန်ကြေညာ ထားတဲ့ စည်းကမ်းချက်တွေအပြင် စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တဲ့ မည်သည့်အရာမဆို စစ်ဆေးတွေ့ရှိပါက တော်လှန်ရေးလုပ်ငန်းမှာ လိုအပ်သလိုသုံးဖို့ သိမ်းဆည်းသွားမယ်လို့ တမူးPDF က အသိပေးထားပါတယ်။
လက်ရှိမှာ စစ်ရေးအခြေနေတွေအရ ကလေး - တမူးလမ်းမကြီးကို ည ၉ နာရီမှ မနက် ၅ နာရီအတွင်း ဖြတ်သန်းသွားလာခြင်း မပြုကြဖို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။