မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက် ၅၅ လမ်းနဲ့ သိပ္ပံလမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်တဆိုင်မှာ ဇူလိုင် ၂၉ ရက်က အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးတယောက် ထံကနေ မြန်မာကျပ် ငွေစက္ကူအတုတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
လက်ဖက်ရည်ဆိုင်မှာ ငွေစက္ကူအတုတွေ အရောင်းအဝယ်လုပ်နေကြောင်း သတင်းရတဲ့ အတွက် သက်ဆိုင်ရာက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ အတူသွားရောက်စစ်ဆေး ဖမ်းဆီးရမိခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူထံက သိရပါတယ်။
လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ ဦးရဲနိုင်ထွန်း ၊ ဦးဇော်မိုးဝင်းနဲ့ ဒေါ်ခင်ပြည့်ပြည့်တို့ကို စစ်ဆေးရာ ဦးဇော်မိုးဝင်းရဲ့ လွယ်အိတ်ထဲကနေ ကျပ်တသောင်းတန် ငွေစက္ကူအတု ၇၉ ရွက်၊ ငါးထောင်ကျပ်တန်ငွေစက္ကူအတု ၁၉ ရွက်နဲ့ မြန်မာငွေစက္ကူရောရာ ၅၁၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဒါ့အပြင် ဦးရဲနိုင်ထွန်းဟာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၊ တိုင်းရဲတပ်ဖွဲ့ရုံးမှ ရဲတပ်သား ယာဥ်မောင်း ရဲပြေး တယောက်ဖြစ်ပြီး ဘေးလွယ်အိတ်အတွင်းက မန္တလေးတိုင်း ရဲတပ်ဖွဲ့ တံဆိပ်ပါ နှစ်စုံ၊ သော့ပါလက်ထိပ်တစ်စုံတို့ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
ငွေစက္ကူအတုတွေနဲ့ အတူဖမ်းဆီးရမိခဲ့တဲ့သူ သုံးယောက်ကို အောင်ပင်လယ်နယ်မြေရဲစခန်းမှာ (ပ)၂၁၂/၂၀၂၂ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ-၁၀၅/၁၀၆ နဲ့ အရေးယူ ဆောင်ရွက်ထားပါတယ်။