ရှမ်းပြည်နယ် နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်အတွင်း ဇူလိုင်လ နောက်ဆုံးပတ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးPDF ကထုတ်ပြန်ပါတယ်။
ဇူလိုင် ၂၂ ရက်ကနေ ၂၄ ရက်အထိ တစ်ကြိမ်၊ ဇူလိုင် ၂၈ ရက်မှာ တစ်ကြိမ် နောင်ချိုနဲ့ ပြင်ဦးလွင်မြို့နယ်မှ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ဆိုပါတယ်။
PDF တပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူထားတဲ့ နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာတာကြောင့် ရှင်းလင်းမောင်းထုတ်ခဲ့ရာ စစ်သားတွေ အထိအခိုက် အကျအဆုံးများစွာနဲ့ အလောင်းမကောက်နိုင်ဘဲ ကစဉ့်ကလျား ထွက်ပြေးသွားကြတယ်လို့ မန္တလေးPDF အဖွဲ့ကဆိုပါတယ်။
ရင်ဆိုင်တိုက်ပွဲမှာ PDF တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှု တစုံတရာ မရှိဘူးတဲ့ အကြောင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ သေဆုံးဒဏ်ရာရရတဲ့ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။
ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို ခြိမ်းခြောက် အနိုင်ကျင့် ဖျက်ဆီးနေတဲ့ ဖက်စစ် စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးအနေနဲ့ အမြစ်ပြတ်ချေမှုန်းဖို့ အစွမ်းကုန် တွန်းလှန် တိုက်ထုတ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။