ရန်ကုန်၊ အင်းစိန်မြို့နယ်၊ မင်းစေတီမှတ်တိုင်အနီးရှိ အင်းစိန်ထောင်ဝန်ထမ်းလိုင်းခန်းကို ဇူလိုင် ၂၉ ရက်ညမှာ စုပေါင်းတော်လှန်ရေးတပ်ဖွဲ့ (U.R.F) နဲ့ မဟာမိတ်အဖွဲ့တွေက လက်ပစ်ဗုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန် UG လူငယ်တွေက ပြောပါတယ်။
"သွေးကြွေးအတွက် အောင်မြေနင်းမည့် ရန်ကုန်စစ်ဆင်ရေး"အဖြစ် အင်းစိန်ထောင်ဝန်ထမ်းလိုင်းခန်းကို ဒီနေ့ည ၇ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ စတင်တိုက်ခိုက်ခဲ့တာလို့ UG လူငယ်တွေက အတည်ပြုပါတယ်။
URF တာဝန်ရှိသူ ကိုအောင်ဇေယျက "အခုက ကိုဂျင်မီတို့ ကိုဖြိုးဇေယျာသော်တို့ လေးယောက် အတွက် သွေးကြွေးပြန်ဆပ်တာ။ အင်းစိန်ထောင်ဝန်ထမ်းလိုင်းခန်းကို တီးတာ။ အင်းစိန်(ရွာမ) မင်းစေတီထိပ် ပေါက်တောဝနားက အင်းစိန်ထောင်ဝန်ထမ်းလိုင်းခန်းကို လက်ပစ်ဗုံးနဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့တာပါခင်ဗျ" လို့ ပြောပါတယ်။
တိုက်ခိုက်ပြီးနောက် အောင်မြင်စွာပြန် ဆုတ်ခွာနိုင်ခဲ့ပြီး ထိခိုက်မှုရှိမရှိတော့ အတိအကျမသိရသေးဘူးလို့ဆိုပါတယ်။
အင်းစိန်ထောင်တွင်းမှာလည်း အကျဉ်းသားတွေက ထောင်အာဏာပိုင်တွေကို ဆန့်ကျင်ရေး သပိတ်တွေစတင်နေတယ်လို့ ရန်ကုန်မြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတယောက်က ပြောပါတယ်။
ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ယောက်ကို သေဒဏ် ကြိုးပေးစီရင်ခဲ့ကြောင်း စစ်ကောင်စီက ဇူလိုင် ၂၅ ရက်မှာ သတင်းထုတ်ပြန်ပြီးနောက်ပိုင်းမှာ တော်လှန်ရေးအင်အားစုတွေဘက်ကနည်းလမ်းစုံနဲ့ တုံ့ပြန်လာနေတာ ဖြစ်ပါတယ်။