စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်း ၃ ကြောင်းခွဲပြီး စစ်ကြောင်းထိုးကာ ဒေသခံကာကွယ်ရေးအဖွဲ့တွေရဲ့ စခန်းတွေကို လိုက်လံရှာဖွေ ရှင်းလင်းနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တွင်းငယ်၊ စံပ္ပါယ်နဂိုလ်ဘက်ကနေ ဧရာဝတီမြစ်ဖြတ်ပြီး ကန့်ဘလူမြို့နယ်ကို ဇူလိုင် ၂၆ ရက် မနက်ပိုင်းကနေ စတင်ဝင်ရောက်ခဲ့တာလို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
“လေးကျွန်းစဉ်ရွာက လူတွေကို ဓားစာခံအဖြစ်ဖမ်းပြီး မယ်ဇာတောကျေးရွာကို ဆက်တက်လာတယ်။ အဲဒီရွာကို လက်နက်ကြီးတွေနဲ့ ပစ်ဝင်တယ်။ သတင်းကြိုရတော့ ရှောင်ကြသူတွေများတယ်။”
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် စစ်ရှောင်းရင်း ပြေးလာတဲ့ သားအမိ ၄ ယောက်အနက် ၉ နှစ်အရွယ် မိန်းကလေး သေဆုံးခဲ့ပြီး ကျန်သုံးယောက်မှာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ဒေသခံတဦးက “စစ်ကောင်စီအင်အားက ၂၀၀ ကျော်လောက်ရှိမယ်။ စစ်ကြောင်း ၃ ကြောင်းခွဲပြီး လာကြတာ။ ဒေသခံရွာသားတွေကိုလည်း ဖမ်းပြီး သူတို့ပစ္စည်းတွေ ထမ်းဖို့ သယ်ဖို့ ဖမ်းထားတယ်။ ဖမ်းထားတဲ့ ဒေသခံတွေကို သူတို့ စစ်ကြောင်းရှေ့ကနေ လူသားဒိုင်းပုံစံ သွားခိုင်းတာ” လို့ ပြောပါတယ်။
အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ဒီကနေ့ ဇူလိုင် ၂၉ ရက်အထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ စခန်းတွေကို ရှာဖွေနေကြတယ်လို့ သိရပါတယ်။